B-2 ဗုံးကြဲလေယာဉ်များ၊ GBU ဗုံးများ၊ Tomahawk ဒုံးကျည်များဖြင့်အစ္စရေး-အီရန်စစ်ပွဲထဲကိုဝင်လာတဲ့ အမေရိကန်

Posted_Date

Image

B-2 ဗုံးကြဲလေယာဉ်များ၊ GBU ဗုံးများ၊ Tomahawk ဒုံးကျည်များဖြင့်အစ္စရေး-အီရန်စစ်ပွဲထဲကိုဝင်လာတဲ့ အမေရိကန်

Body

ဇွန်လ ၂၂ ရက်မှာ အမေရိကန်သတင်းဌာနတစ်ခုဖြစ်တဲ့ CNN သတင်းဌာနက သတင်းတစ်ပုဒ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီသတင်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ရဲ့ နျူကလီးယားအခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားပြီး တိကျစွာပစ်ခတ်တိုက်ခိုက်ခြင်းအားဖြင့် အစ္စရေး-အီရန်စစ်ပွဲထဲကို ဝင်ရောက်လိုက်ပြီဆိုတဲ့သတင်းပါပဲ။ အတိအကျဆိုရရင် အမေရိကန်က အီရန်အပေါ်ကို ပူးပေါင်းတိုက်ခိုက်မှုလုပ်လိုက်တာပဲဖြစ်ပါတယ်။

အဲဒီပူးပေါင်းတိုက်ခိုက်မှုမှာ B-2 Spirit အမျိုးအစားကိုယ်ပျောက်ဗုံးကြဲလေယာဉ်ခြောက်စင်း၊ Ohio အတန်းအစား ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော တစ်စင်းတို့ပါဝင်ပါတယ်။ သူတို့အသုံးပြုခဲ့တဲ့ခဲယမ်းတွေကတော့ GBU-57A/B Massive Ordnance Penetrator အမျိုးအစားဗုံးများနဲ့ Tomahawk အမျိုး

အစားအနိမ့်ပျံဒုံးကျည်များဖြစ်ပါတယ်။ GBU-57A/B ဆိုတာ တစ်နည်းပြောရရင် ဘန်ကာဖျက်ဗုံးများဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ GBU-57A/B ဘန်ကာဖျက်ဗုံးများကို ပထမဆုံးအကြိမ် ထုတ်သုံးပြီး အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုများပိုမိုမြင့်တက်လာအောင် ဖန်တီးလာတယ်လို့ ဆိုရမှာပါ။

ဒီစစ်ပွဲထဲ အမေရိကန်ပါဝင်လာမှုအတွက် အဓိကအကျဆုံးသော တိုက်ခိုက်ရေးအင်အားစုက B-2 Spirit အမျိုးအစား ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ခြောက် စင်းဖြစ်ပါတယ်။ အဲဒီဗုံးကြဲလေယာဉ်များဟာ လုံခြုံရေးအလွန်တင်းကျပ်လှတဲ့ လေတပ်စခန်းတစ်ခုစီကနေထွက်ခွာလာတာပါ။ ပြီးတဲ့အခါ အီရန်လေပိုင် နက်ထဲဝင်လာပြီး GBU-57A/B ဘန်ကာဖျက်ဗုံး ၁၂ လုံးကို ဖော်ဒိုးယူရေနီယံသန့်စင်ရေးစက်ရုံဆီကြဲချ လိုက်တာဖြစ်ပါတယ်။ အဲဒီစက်ရုံကို မြေအောက် အနက် မီတာ ၈၀ မှ ၁၀၀ အတွင်းမှာတည်ဆောက်ထားတာဖြစ်ပြီး အပေါ်မှာတော့ကျောက်နဲ့သံကူကွန်ကရစ်တို့ပေါင်းစပ်ထားတဲ့ထုထည်ကြီးရှိတယ်လို့ ဆိုပါတယ်။ အဲဒီထက်လည်းပိုနိုင်ပါတယ်။

GBU-57A/B ဆိုတဲ့  ဗုံးအမျိုးအစားကလည်း နျူကလီးယားမဟုတ်တဲ့ဖျက်အားအပြင်းဆုံးဗုံးတစ်လုံးဖြစ်ပါတယ်။ အမေရိကန်တို့တီထွင်ထားတဲ့ ခဲယမ်းတွေထဲမှာပေါ့။ သူ့ရဲ့အလေးချိန်က ပေါင်ချိန် ၃၀၀၀၀ အထိရှိပြီး ထူထဲမာကျောတဲ့သံမဏိကိုယ်ထည်ကိုအသုံးပြုထားတာပါ။ ဒါ့အပြင် မာကျောတဲ့ အဆောက် အအုံတွေထဲကို နက်ရှိုင်းစွာတိုးဝင်သွားပြီး အတွင်းမှာပေါက်ကွဲမှုဖြစ်စေနိုင်ဖို့အတွက် အဆင့်မြင့် စနက်တံကိုတပ်ဆင်ထားတာဖြစ်ပါတယ်။ သူ့ကို GPS စနစ်၊ ရွေ့လျားမှုဆိုင်ရာလမ်းညွှန်စနစ်တို့ ပေါင်းစပ်အသုံးပြုထားတဲ့ ပဲ့ထိန်းစနစ်အသုံးပြုပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့တိကျမှု အဝန်းက ၅ မီတာပတ်လည်ရှိပြီး အခိုင်အမာကိုတည်ဆောက်ထားပါတယ်ဆိုတဲ့ မြေအောက်အဆောက်အအုံတွေက သူ့ရဲ့တိုက်ခိုက်မှုအောက်မှာ ပျက်စီးသွားကြရ တာဖြစ်ပါတယ်။

B-2 Spirit ဆိုတဲ့လေယာဉ်ကလည်း GBU-57 ဗုံးသီးတွေကိုသယ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ သူက တာဝေး ပြေးကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဖြစ်ပြီး တင်းကျပ်စွာကာကွယ်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲကို တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်ပြီး ရည်မှန်းချက်တာဝန်ကို ထမ်းဆောင်နိုင်စေဖို့ဒီဇိုင်းဆွဲထားတာပါ။ တောင်ပံအလျားက ၁၇၂ ပေနဲ့ ထွက်ခွာစဉ်တင်ဆောင်နိုင်တဲ့ အများဆုံးအလေးချိန်က ပေါင်ချိန် ၃၇၆၀၀၀ နီးပါးရှိပါတယ်။ General Electric ကုမ္ပဏီကထုတ်လုပ်ထားတဲ့   F118-GE-100 အင်ဂျင်လေးလုံးတပ် B-2 Spirit ဗုံးကြဲလေယာဉ်က ရေဒါကိုစုပ်ယူနိုင်စွမ်းရှိတဲ့ ကိုယ်ထည်နဲ့အတူ ပျံသန်းစဉ်တောင်ပံတွေက  ရေဒါပုံရိပ်ဖော်မှုကိုအနိမ့်ဆုံး အထိလျှော့ချပေးနိုင်ပါတယ်။ B-2 Spirit ရဲ့တိုက်ပွဲဝင် နိုင်တဲ့အကွာအဝေးက မိုင်ပေါင်း ၃၅၀၀ အထိရှိတာပါ။ ဒါတောင်မှ လေယာဉ်ဆီထပ်မဖြည့်ဘဲ သွားနိုင်တဲ့အကွာအဝေးဖြစ်ပါတယ်။    ဝေဟင်ဆီဖြည့်လေယာဉ်ကြီးတွေရဲ့အကူအညီသာယူလိုက်ရင် သူ့ရဲ့စစ်ဆင်နိုင်တဲ့အကွာအဝေးက ကမ္ဘာကိုတောင်ပတ်လို့ ရလောက်ပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ရေတပ်မှနျူကလီးယားစွမ်းအင်အသုံးပြုပဲ့ထိန်းဒုံးကျည်တင်ရေငုပ်သင်္ဘောဖြစ်တဲ့ Ohio အတန်းအစား USS Georgia ရေငုပ်သင်္ဘောက BGM-109 Tomahawk မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်အစင်းပေါင်း ၃၀ ကို တည်နေရာအတိအကျမဖော်ပြထားတဲ့နေရာကနေ အီရန်နိုင်ငံအတွင်းရှိ  နာတန့်နဲ့ အက်စဖာဟန် နျူကလီးယားအဆောက်အအုံနေရာများနဲ့ အခြားပစ်မှတ်နေရာများဆီပစ်လွှတ်လိုက်ပါတယ်။   ရေငုပ်သင်္ဘောရဲ့တည်နေရာကို မဖော်ပြထားပေမယ့်လည်းအဖြစ်နိုင်ဆုံးနေရာများက အာရေဘီယံပင်လယ်နဲ့ အိုမန်ပင်လယ်ကွေ့တို့မှဖြစ်နိုင်ပါတယ်။ USS Georgia ဆို တာ သမားရိုးကျတိုက်ခိုက်မှုများကိုလုပ်ဆောင်နိုင်စေဖို့အတွက်သာမက အထူးစစ်ဆင်ရေးများမှာပါ အထောက်အကူပြုနိုင်စေဖို့ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။

အဲဒီသင်္ဘောတွေမှာ နျူကလီးယားဒုံးကျည်များကိုပစ်လွှတ်ဖို့ ဒုံးပစ်ပေါက်များပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကိုဖယ်ရှားပြီး ဒေါင်လိုက်ဒုံးပစ်ပေါက်များ တပ်ဆင်လိုက်မယ်ဆိုရင် Tomahawk ဒုံးကျည်စုစုပေါင်း ၁၅၄ စင်းအထိ တင်ဆောင်ပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။ Ohio အတန်းအစား ပဲ့ထိန်းဒုံးကျည် တင် ရေငုပ်သင်္ဘောက အလျားပေ ၅၆၀ နဲ့ တန်ချိန် ၁၈၀၀၀ ရှိပြီး နျူကလီးယားစွမ်းအင်သုံးအင်ဂျင်ကို အသုံးပြုထားတာကြောင့် ရေအောက်ထဲမှာအချိန် ကန့်သတ်ချက်မရှိ ငုပ်လျှိုးကာသွားလာနေနိုင်စွမ်းရှိပါတယ်။ အထူးတပ်ဖွဲ့ဝင်များအပါအဝင် စစ်သည် စုစုပေါင်း ၁၆၀ အထိတင်ဆောင်နိုင်ကာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်တဲ့ အဲဒီရေငုပ်သင်္ဘောများဟာ အသံထွက်ရှိမှု နိမ့်ပါးလှတာကြောင့် အမေရိကန်ရေတပ်မှာရှိတဲ့ ကိုယ်ပျောက်စစ်ရေယာဉ်များအနက် အထင်ရှားဆုံး စစ်ရေယာဉ်များဖြစ်ပါတယ်။

အဲဒီရေငုပ်သင်္ဘောများကနေပစ်လွှတ်လိုက်တဲ့ Tomahawk ဒုံးကျည်များက တစ်စင်းကိုအလေးချိန် ပေါင် ၃၅၀၀၊ အလျား ၁၈ ဒသမ ၂၅ ပေရှိကာ အကွာ အဝေးအားဖြင့် မိုင်ပေါင်း ၉၃၀ မှာရှိတဲ့ပစ်မှတ်ကိုပင် ထိမှန်နိုင်စွမ်းရှိပါတယ်။ သူ့မှာတပ်ဆင်ထားတဲ့ထိပ်ဖူးက ပေါင်ချိန် ၁၀၀၀ ရှိပြီး ထိပ်ဖူးကတစ်လုံးတည်းဖြစ်ပါတယ်။ သူ့စွမ်းဆောင်ရည်က အနိမ့်ပျံဒုံးကျည်လို့ဆိုထားတဲ့အတိုင်း မြေမျက်နှာပြင်အနိမ့်ပိုင်းကနေ ပျံသန်းတာဖြစ်တာကြောင့် တန်ဖိုးအားဖြင့်ကြီးမား လှတဲ့မြေပြင်ပစ်မှတ်များကို   ထိရောက်မှုရှိစွာတိုက်ခိုက်နိုင်စေတာဖြစ်ပါတယ်။

အခုစစ်ဆင်ရေးမှာ လေကြောင်းအကူအညီအနေ နဲ့ EA-18G Growler အီလက်ထရွန်နစ်စစ်ဆင်ရေး လေယာဉ်လိုမျိုး အထောက်အကူပေးလေယာဉ်တွေ လည်းပါဝင်ပါတယ်။ EA-18G Growler ရဲ့စွမ်းရည် က ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်များကို သက်မဲ့ဖြစ်သွားအောင်လုပ်နိုင်စွမ်းရှိတာဖြစ် ပါတယ်။ ဒီလိုနည်းနဲ့ အီရန်ရဲ့ရေဒါနဲ့ဆက်သွယ်ရေးစနစ်များကို နှောင့်ယှက်ဟန့်တားလိုက်နိုင်တာဖြစ်ပါတယ်။ ကင်းထောက်၊ အကဲကြည့်၊ ထောက်လှမ်း ရေးစနစ်များအတွက်ကိုတော့ RQ-4 Global Hawk ဒရုန်းများနဲ့ RC-135 Rivet Joint လေယာဉ်များကိုအသုံးပြုရပါတယ်။  အဲဒီစနစ်တွေက  ပစ်မှတ်ကို ချိန်ရွယ်မှုအတွက်အချက်အလက်တွေသာမက တိုက်ခိုက်ပြီးနောက် တိုက်ပွဲထိခိုက်မှုဆန်းစစ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီထောက်ပံ့ပေးနိုင်ပါတယ်။

ဒါကြောင့် အမေရိကန်တပ်မတော်က အခုစစ်ဆင်ရေးမှာ ပူးပေါင်းတိုက်ခိုက်မှုလုပ်သွားတာဖြစ်တယ်လို့ပြောခဲ့တဲ့အတိုင်း အရင်ဆုံးအီရန်ရဲ့လေကြောင်း ရန်ကာကွယ်ရေးစနစ်များကို သက်မဲ့ဖြစ်သွားစေအောင်လုပ်ပါတယ်။  ပြီးတဲ့အခါ ကင်းထောက်၊ အကဲကြည့်၊  ထောက်လှမ်းမှုတွေလုပ်ပါတယ်။ အချက်အလက်တွေရရှိပြီးချိန်မှာ B-2 Spirit ဗုံးကြဲလေယာဉ်များက ဖျက်အားပြင်း GBU-57 ဗုံးများကိုကြဲချသလို တစ်ချိန်တည်းမှာပဲ ရေငုပ်သင်္ဘောကနေ Tomahawk ဒုံးကျည်အစင်း ၃၀ နဲ့မတူညီတဲ့ပစ်မှတ်များကို တစ်ပြိုင်နက်တည်းပစ်ခတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့အခုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုအတွက် ထိရောက်မှုပမာဏဘယ်လောက်အထိရှိတယ်ဆိုတာကိုတော့ အတိအကျမသိရ သေးပါဘူး။

အီရန်က သူ့ရဲ့အရေးကြီးတဲ့စစ်လက်နက်ပစ္စည်းတွေ၊ ယူရေနီယံသန့်စင်စက်ရုံတွေကို နက်ရှိုင်းလှတဲ့ မြေအောက်အနက်ထဲမှာ ထားရှိထားတာဖြစ်တာ ကြောင့် အခုတိုက်ခိုက်မှုမှာ အီရန်ကဘယ်လောက် အတိုင်းအတာအထိ ဆုံးရှုံးမှုဖြစ်သွားတယ်ဆိုတာကို အတိအကျမသိရတာဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ တာဝန်ရှိသူတချို့က သူတို့အနေနဲ့ အမေရိကန်က ဝင်ရောက်တိုက်ခိုက်မှာကို ကြိုသိနေတဲ့အတွက် ဖော်ဒိုးယူရေနီယံသန့်စင်စက်ရုံကို    ဘေးကင်းရာဆီရွှေ့ပြောင်းထားတာကြောင့် ဘယ်လိုဆုံးရှုံးမှု ကြီးကြီးမားမားမှမရှိဘူးလို့ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးဘက်ကို အီရန်ကဒုံးကျည်များစွာနဲ့ပစ်ခတ် လိုက်တာတွေ့ရပါတယ်။

မည်သို့ပင်ဆိုစေကာမူ အစ္စရေးနဲ့အီရန်တို့ဖြစ်တဲ့ ပြဿနာမှာ အမေရိကန်ဟာ မူလကအစ္စရေးဘက်ကနေပြီး နောက်ကွယ်ကနေပါဝင်ခဲ့ပေမယ့် အခုတော့သူကိုယ်တိုင်ပဲ သမိုင်းမှာတစ်ခါမှမသုံးဖူးတဲ့ဗုံးကို ပထမဆုံးအကြိမ်ထုတ်သုံးပြီး အီရန်ကိုတိုက်ခိုက်ခြင်းအားဖြင့် အစ္စရေး-အီရန်စစ်ပွဲထဲကို တိုက်ရိုက်ဝင် ပါလာတာဖြစ်ပါတယ်။ ဒီလိုဝင်ပါမှုကြောင့်နဂိုကတည်းကမှ မတည်မငြိမ်ဖြစ်နေရတဲ့ အရှေ့အလယ်ပိုင်း ဒေသတင်းမာမှုများက အခုထက်ပိုပြီးမြင့်တက်လာမှာအသေအချာပါပဲ။     ။

Ref: AR

MWD Web Portal