ဒရင်ကောက်ပင် (ခေါ်) ကျောက်ခက်ပင်၏ ဆေးဖက်ဝင်ပုံများ
Posted_Date
Image

Body
ဒရင်ကောက်ပင်ဆိုသည်မှာ ရိုးတံခပ်ပျော့ပျော့နှင့် နွယ်ပင်ကဲ့သို့ရှိသည့် အပင်ငယ်တစ်မျိုး ဖြစ်ပြီး အပင်၏ထိပ်ပိုင်းရှိ အရွက်လိပ်ခွေခွေလေးများက “ဋ” ပုံစံဖြစ်နေသောကြောင့် ဒရင်ကောက်ပင်ဟု ခေါ်ကြခြင်းဖြစ်သည်။ ဒရင် ကောက်ပင် ဟု လူသိများသည့် ကျောက်ခက်ပင်ကို ဒေသအလိုက် အခေါ်အဝေါ်များ ကွဲပြားလေ့ရှိပြီး အချို့ဒေသများတွင် ကောက်ကောက်ပင်ဟူ၍လည်းကောင်း၊ ကြို့တကောက်ပင် ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဒရင်ကောက် ပင်တွင် စား၍ရသော မျိုးစိတ်နှင့် စား၍မရသော မျိုးစိတ်ဟူ၍ နှစ်မျိုးရှိသည်။ စား၍ရသောမျိုးစိတ်၏ အင်္ဂလိပ် အမည်မှာ Vegetable Fern နှင့် Fiddlehead Ferns ဟု ခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ Diplazium esculentum (Retz) Sw ဟုလည်း ခေါ်ဆိုကြသည်။ ဒရင်ကောက်ပင်သည် အာရှတိုက်နှင့် ကျွန်းနိုင်ငံများတွင် အများဆုံး ပေါက်ရောက် လေ့ရှိသည်။ မြန်မာနိုင်ငံတွင် မိုးကြိုကာလရောက်ပြီဆိုသည်နှင့် ဒရင်ကောက် အညွန့်များ ပေါများစွာ ပေါက်ရောက် လေ့ရှိပြီး ဈေးများတွင် ရာသီစာအသီးအရွက်များအဖြစ် တွေ့ရလေ့ရှိသည်။ ဒရင်ကောက်ပင်ကို စားသုံးသည့်အခါ အရွက်ဖျားထိပ်ပိုင်း နုနုခွေခွေလေးများကိုသာ စားကြသည်ကို တွေ့ရသည်။ မြန်မာလူမျိုးများအနေဖြင့် ဒရင်ကောက်ညွန့် နုနုလေးများကို ရေနွေးဖျောပြီး ငါးပိရည်၊ ငါးပိထောင်း၊ ခရမ်းချဉ်သီးချက် အစရှိသည်တို့နှင့် တွဲဖက်၍ တို့စရာအဖြစ် စားသုံးတတ်ကြသကဲ့သို့ ရေနွေးဖျောပြီးသား ဒရင်ကောက်ညွန့်လေးများကို ကြက်သွန်နီ၊ မြေပဲလှော်၊ နှမ်းလှော်၊ ပဲကျက်မှုန့်၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်တို့ဖြင့်လည်းသုပ်စားကြသည်။ ထို့အပြင် ဝက်ရိုးပြုတ်၊ ကြက်ရိုးပြုတ်၊ ငါးဟင်း ခါးရည်တို့ထဲတွင်လည်း ဒရင်ကောက်ညွန့်ကိုခပ်ပြီး အရည်သောက်ဟင်းအဖြစ် ချက်စားကြသကဲ့သို့ အသားငါး တို့နှင့်တွဲဖက်၍လည်း ကြော်စားကြလေ့ရှိသည်။
ဒရင်ကောက်ပင်တွင် ပါဝင်သောအာဟာရဓာတ်များမှာ ကယ်လ်လိုရီ၊ ပရိုတင်း၊ ဗီတာမင် အေ၊ ဗီတာမင်စီ၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီအုပ်စု၊ သံဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကာဗို ဟိုက်ဒရိတ်၊ အိုမီဂါ ၃ တို့ ကြွယ်ဝစွာ ပါဝင်သည်။ ဒရင်ကောက်ပင်တွင် ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာခြင်း၊ အအေးမိခြင်း၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်ခြင်းများကို သက်သာစေနိုင်သည်။
အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် အဆာခံနိုင်စေပြီး ကယ်လ်လိုရီနှင့် အဆီဓာတ်ပါဝင်မှုနည်းခြင်းက ကိုယ် အလေးချိန် မတက်အောင် ထိန်းပေးသည်။ ပိုတက်ဆီယမ်ပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး သွေးတိုးကျစေရန် အထောက်အကူပြုနိုင်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေသောကြောင့် ကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်သကဲ့သို့ ကင်ဆာဆဲလ်များ ပြန့်ပွားခြင်းများကိုလည်း တားဆီးပေးနိုင်သည်။ဒရင်ကောက်ပင်တွင် သံဓာတ်ပါဝင်သောကြောင့် သွေးနီဥဆဲလ်များ ဖြစ်ပေါ်စေရန် အထောက်အပံ့ဖြစ်စေပြီး သွေးအားနည်းရောဂါ မဖြစ်ပွားစေရန် အထောက်အပံ့ဖြစ်စေနိုင်သည်။
ဗီတာမင် အေ ပါဝင်သောကြောင့် အမြင်အာရုံကျန်းမာစေပြီး မျက်လုံးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေသည်။ ကြက်မျက်သင့်ခြင်း၊ အသက်အရွယ်ကြောင့် အမြင်အာရုံထိခိုက်ခြင်းများမဖြစ်စေရန် ကာကွယ်ပေးသည်။ ဗီတာမင် ဘီ၁၂ ကြွယ်ဝစွာပါဝင်သောကြောင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်းကို သက်သာစေသည်။ ကယ်လ်ဆီယမ်နှင် မဂ္ဂနီဆီယမ် ပါဝင်သောကြောင့် အရိုးများကို သန်မာစေနိုင်ပြီး အရိုးပါးခြင်း၊ အရိုးပွခြင်းမျိုး မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ အဆစ်များ၊ ကြွက်သားများနှင့် ခန္ဓာကိုယ်အတွင်းအပြင်တွင်ဖြစ်ပေါ်သည့် ရောင်ရမ်းမှုများကို သက်သာစေရန် အတွက် ဒရင်ကောက်ပင်ကို စားသုံးပေးနိုင်သည်။
ဒရင်ကောက်ပင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသည်ဆိုသော်လည်း အစိမ်းစားရန် မသင့်တော်ပေ။ ထို့ပြင် ဒရင်ကောက်ပင်ကို အလွန်အကျွံစားသုံးမိလျှင် ခန္ဓာကိုယ်အတွင်းရှိ ဗီတာမင် ဘီ၁ ဓာတ်ကို ဆုံးရှုံးစေနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာများဖြစ်သည့် အစာစားချင်စိတ် မရှိခြင်း၊ အစာမကြေခြင်း၊ ကြွက်သားများအထိမခံနိုင်ခြင်း (အထူးသဖြင့် ခြေသလုံးကြွက်သား) စသည့် အရာများကို ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါအခံကြောင့် ဆေးစွဲသောက်နေရသူများအနေဖြင့် ဒရင်ကောက်ပင်ကိုစားသုံးလိုပါက နားလည် တတ်ကျွမ်းသည့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။
သင်မသိသေးသည့် ဒရင်ကောက်ပင်၏ အံ့ဖွယ်အချက် (၆) ချက်ကို အောက်မှာ ဖော်ပြထားပါသည်။
(၁) ဒရင်ကောက်ပင်သည် ကိုယ်အလေးချိန်ကျဆင်းရန် စွမ်းဆောင်ပေးနိုင်ပါသည်။
အာဟာရဓာတ်ပါဝင်မှု သိပ်သည်းဆမြင့်သည့် ဒရင်ကောက်ပင် 100 g မှာ 34 ကယ်လိုရီ ပါဝင်ပါသည်။ သူ့ထဲမှာ ပါရှိသည့် အမျှင်ဓာတ်က ဦးနှောက်တွင်းရှိ အစာစားချင်စိတ်ကို လှုံဆော်ပေးသည့် ghrelin ဟော်မုန်းကို တားဆီးပေး ပါသည်။
(၂) ဒရင်ကောက်ပင်သည် ရောဂါကူးစက်မှုတွေကို လျော့ချပေးနိုင်ပါသည်။
လူတွေမှာ နေ့စဉ်လိုအပ်သည့် ဗီတာမင်စီ ပမာဏက 100 ဂရမ်ပါ။ ဒရင်ကောက်ပင်မှာ 44 ရာခိုင်နှုန်းပါဝင်နေပါသည်။ ဗီတာမင်စီသည် ရေတွင်ပျော်ဝင်နိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ရောဂါတွေကို ခုခံနိုင်စွမ်း တိုးမြင့်စေပြီး ခန္ဓာကိုယ်မှာရှိသည့် ကင်ဆာဖြစ်စေနိုင်သည့် free radicals တွေကို လျော့ကျစေပါသည်။
(၃) ဒရင်ကောက်ပင်သည် ကျန်းမာသည့် သွေးဖိအားကို ရရှိစေနိုင်ပါသည်။
ခန္ဓာကိုယ်ကြွက်သား၊အရိုးနှင့် နှလုံးကျန်းမာရေးကို အထောက်အပံ့ပေးသည့် ပိုတက်ဆီယမ်ဓာတ် လုံလောက်စွာ ပါရှိပါသည်။ ဒါကြောင့် သွေးတိုးရောဂါရှိသည့်သူတွေအတွက် ဒရင်ကောက်ပင်ကို စားသုံးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေပါသည်။
(၄) ဒရင်ကောက်ပင်သည် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်သည့် အစွမ်းသတ္တိရှိပါသည်။
မဂ္ဂနီဆီယမ်သည် သွေးထဲမှာရှိသော သကြားဓာတ်၊ခန္ဓာကိုယ်ဇီဝဖြစ်စဉ်နှင့် သိုင်းရွိုက်ဂလင်းများ၏ လုပ်ငန်းဆောင်တာ များကို ထိန်းချုပ်ပေးသည့် အင်ဇိုင်းဓာတ်များအတွက် အလွန်ပင်အရေးပါလှပါသည်။ ဒရင်ကောက် 100 ဂရမ်မှာ မဂ္ဂနီဆီယမ် 26 ရာခိုင်နှုန်းပါဝင်ပါသည်။ မဂ္ဂနီဆီယမ် လျော့နည်းခြင်းသည် မျိုးအောင်နှုန်းလျော့ကျခြင်း၊ ဖွံဖြိုးမှု နည်းခြင်း၊ မွေးရာပါချို့ယွင်းချက်များနှင့် အထွေထွေအားနည်းချက်များကို ဖြစ်ပွားစေနိုင်ပါသည်။
(၅) ဒရင်ကောက်ပင်သည် ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျောချပေးနိုင်ပါသည်
သူ့ထဲမှာ တွေ့ရသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း beta-carotene သည် ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင် ပါသည်။ သုတေသနတွေအရ တစ်နေ့ကို beta-carotene 1.7 ကနေ 2.7 မီလီဂရမ်ထိ သောက်သုံးသည့်သူများသည် အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို 40 ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်ကြောင်း သိရှိရပါသည်။
(၆) ဒရင်ကောက်ပင်သည် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။
အမြင်အာရုံကို တိုးတက်စေပြီး ကြက်မျက်သင့်ရောဂါ၊ မျက်လုံးအမြင်အာရုံ ယိုယွင်းခြင်း အစရှိသည်တို့ကို ကာကွယ် ပေးနိုင်သည့် ဗီတာမင်အေ လုံလောက်စွာ ပါရှိပါသည်။ မုန်လာဥနီလိုပဲ ဒရင်ကောက်ပင်သည်လည်း လက်စွဲထား သင့်သည့် ဆေးဖက်ဝင် အပင်တစ်မျိုးပါပဲ။
အချုပ်ဆိုရလျှင် ဒရင်ကောက်ပင်သည် မျှတသည့် အာဟာရဓာတ်ကို ပေးစွမ်းနိုင်သည့်အပြင် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ် ကို ကောင်းမွန်အောင် စွမ်းဆောင်နိုင်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါသည်။ ဝိတ်ကျလိုသူများအတွက်လည်း အထူးသင့်လျော်ပါသည်။ သို့သော် ဒရင်ကောက်ပင်ကို အလွန်အကျွံစားသုံးမိလျှင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဗီတာမင် ဘီဝမ်း ဓာတ်ကို ဆုံးရှုံးစေနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာများဖြစ်သည့် အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း ၊ကြွက်သားများအထိမခံနိုင်ခြင်း (အထူးသဖြင့် ခြေသလုံးကြွက်သား) စသည့် အရာတွေ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဒရင်ကောက်ပင်ကို ချင့်ချိန်ပြီး တန်ဆေးလွန်ဘေး မဖြစ်အောင် စားသုံးကြရန် တိုက်တွန်းလိုပါသည်။
ပေးပို့သူ - မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန