အညာဒေသ၏ ပြယုဂ်သဖွယ်တည်ရှိနေသည့် ထန်းတောများ
Posted_Date
Image

Body
မှတ်စုတို
ထန်းပင်သည် အပူပိုင်းဒေသတွင်သာ အများဆုံးတွေ့ရ၍ ပင်စည် ၃၀/၄၀ လက်မကြား၊ အမြင့် ၇၀/၈၀ ပေရှိပြီး ကမ္ဘာပေါ်တွင် အပူပိုင်းဒေသများဖြစ်သော အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများတွင် တွေ့နိုင်သည်။ ထန်းပင်ဟု ပြောလိုက်ပါက လူတိုင်းသိကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ထန်းပင်ကို တွေ့ရပြီး မိုးရေချိန် ၂၀ လက်မနှင့် ၄၀လက်မကြားဒေသများတွင် ပေါက်ရောက်သည်။ ထန်းပင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ပေါက်ရောက်ရှင်သန်နိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ကာ ကျေးလက်ဒေသအနှံ့အပြားတွင် ထန်းပင်၊ ထန်းတောများစွာတွေ့ရှိ၍ ထန်းဖို၊ ထန်းမဟူ၍နှစ်မျိုးရှိသည်။ အညာဒေသသည် လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက ထန်းအရင်းအမြစ်ကို ပိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။ အညာရိုးရာယဉ်ကျေးမှု ထွက်ကုန်များသည် မြန်မာနိုင်ငံသာမက ကမ္ဘာအထိ ဂုဏ်သတင်း ကျော်ဇောခဲ့သည်။ အညာဒေသ၌ ခေတ်အဆက်ဆက် ထန်းပင်၊ ထန်းတောများ ပေါများသည်။ အရှေ့တောင်အာရှတစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ် ဒေသ၏ အမှတ်သင်္ကေတသည် အုန်းပင်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၏ အမှတ်သင်္ကေတသည် ထန်းပင်ဖြစ်သည်ဟု ဆိုကြသည်။
ထန်းပင်သည် ပူနွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသများဖြစ်သောစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၏ မြို့နယ်များအတွင်းရှိ ကျေးလက်ဒေသများတွင် ပေါက်ရောက်ဖြစ်ထွန်းပြီး ထန်းပင်၊ ထန်းတောများစွာရှိခြင်းကြောင့် ဈေးကွက်တွင် မျက်နှာပန်းလှသော ထန်းလျက်လုပ်ငန်းကို များစွာလုပ်ကိုင်နိုင်သည်။ ထန်းပင်အသုံးပြုမှုပေါ်မူတည်ပြီး ထန်းလက်၊ ထန်းရွက်၊ ထန်းသီး၊ ထန်းမြစ် စသည်ဖြင့် တစ်ပင်လုံး အသုံးဝင်သည်။ အညာကျေးလက်ဒေသများမှာ ထန်းလက်ဖြင့် အိမ်ကာခြင်းအပြင် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးပြုလုပ်၍ အသုံးပြုကြခြင်းသည် အညာဒေသ၏ ရိုးရာဓလေ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေသည်။ ထန်းပင်မှတစ်ဆင့် လူတိုင်းသောက်သုံးနိုင်သော ထန်းရည်ရရှိပြီး ထိုထန်းရည်မှတစ်ဆင့် ထန်းလျက်အမျိုးမျိုးချက်လုပ်ရောင်းချနိုင်သည်။ အညာဒေသယာခင်းများ၏ ခြံစည်းရိုးများတွင် ထန်းပင်များ စိုက်ပျိုးထားခြင်းများဖြင့် ထန်းပင်၊ ထန်းတောပေါများပြီးဒေသခံကျေးလက်နေ ထန်းတောင်သူများ ထန်းလျက်ချက်လုပ်ငန်းကို ဒေသစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြသည်။
ထန်းလျက်လုပ်ငန်းကို မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်း ပူပြင်းခြောက်သွေ့သော ဒေသများတွင် အများဆုံးတွေ့ရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦး၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ မိတ္ထီလာ၊ မလှိုင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း မြို့နယ်တို့တွင် အများဆုံး ပေါက်ရောက်သည့်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း အနည်းငယ်တွေ့ရသည်။
အညာဒေသဟု ဆိုလိုက်၊ ပြောလိုက်လျှင် ပင်စည် မြင့်မြင့်ရှည်ရှည် အမြဲစိမ်းလန်းနေသော ထန်းတောများက ပူပြင်းခြောက်သွေ့လှသည့် မိုးခေါင်ရေရှားလှသော အညာဒေသ၏ ပြယုဂ်သဖွယ် ထင်ရှားစွာ တည်ရှိနေပါတော့သည်။ ။
MWD Web Portal