ကျောက်ကပ်အစားထိုးပြီးသည့်အခါ ကျန်းမာနေစေဖို့

Posted_Date

Image

ကျောက်ကပ်အစားထိုးပြီးသည့်အခါ ကျန်းမာနေစေဖို့

Body

နေမကောင်းလို့ဆေးကုသမှုခံယူတယ်ဆိုတဲ့အချက်က ဒီလောက်နဲ့တင်ပြီးမသွားပါဘူး။ ကုသမှုခံယူပြီးသည့်အခါ အပြည့်အဝ ကျန်းမာလာစေဖို့အတွက် လိုအပ်သည့် အာဟာရပြည့်ဝစေဖို့နှင့် ကျန်းမာစွာနေထိုင်တတ်ဖို့ကလည်း မဖြစ်မနေ ဂရုစိုက်ဖို့လိုမည့်အချက်ပါ။ ဒီတစ်ခေါက်တော့ ဆီးချို၏နောက်ဆက်တွဲကြောင့်ဖြစ်ဖြစ် သို့မဟုတ် အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်ဖြစ် ကျောက်ကပ်မကောင်းတော့လို့ ကျောက်ကပ်အစားထိုးကုသမှုခံယူရသူတွေအတွက် ကျန်းမာစွာ နေထိုင်နည်းလေးကိုပြောပြပေးပါရစေ။

ကျောက်ကပ်က ခန္ဓာကိုယ်အတွက်ဘာတွေလုပ်ပေးလဲ…..

ကျောက်ကပ်က နံရိုးတွေ၏ အောက်ဘက်နားမှာရှိသည့် လက်သီးဆုပ်အရွယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းပါ။ ကျောရိုး၏ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါသည်။ ကျောက်ကပ်က ခန္ဓာကိုယ်၏ အလုပ်အများဆုံး အစိတ်အပိုင်း တစ်ခုဆိုလည်း မမှားပါဘူး။

ကျောက်ကပ်၏ အဓိကတာဝန်က ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။ သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါသည်။ စစ်ထုတ်လိုက်သည့် အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါသည်။ ထို့အပြင်ကျောက်ကပ်က ကိုယ်တွင်း pH ပမာဏကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါသည်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန် ကို ထိန်းညှိပေးသလိုသွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါသည်။ အရိုးတွေသန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံးလုပ်ဆောင်မှုတွေရရှိစေဖို့အတွက်လည်း ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ ဗီတာမင် D ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးသည့်အပြင် ကျောက်ကပ်ကကိုယ်တွင်းမှာ ရှိသည့် ပိုနေသည့် ရေတွေကို စွန့်ထုတ်ရပါသည်။ သောက်လိုက်သည့် ဆေးတွေကိုစစ်ထုတ်ရပါသည်။ ဓါတ်ဆားဓာတ်တွေ မျှတအောင် လုပ်ပေးသည်။

ကျောက်ကပ်အစားထိုးကုသမှုခံယူတယ်ဆိုတာ

ခန္ဓာကိုယ်ထဲမှာရှိနေသည့် ကျောက်ကပ်လေးတွေက သူတို့၏ လုပ်ငန်းစဉ်တွေကို အပြည့်အဝ မလုပ်ဆောင်နိုင်သည့် အခါမှာကျောက်ကပ်ဆေးသည့် လုပ်ငန်းစဉ်ကို အရင်လုပ်ကြရပါသည်။ ထိုသို့ လုပ်ဆောင်သော်လည်း ကျောက်ကပ်၏ လုပ်ဆောင်မှုက ပြန်လည်ကောင်းမွန်လာတာမျိုးမရှိသည့်အခါ ကျောက်ကပ်အစားထိုးမှုကိုလုပ်ဆောင်ရပါသည်။ ရှိရင်းစွဲကျောက်ကပ်တွေအပြင် အခြားသူဆီကနေရရှိသည့်ကျောက်ကပ်ကိုပါ ခန္ဓာကိုယ်အတွက် လိုအပ်မည့် လုပ်ငန်းစဉ်တွေကို အတူတွဲပြီးလုပ်ဆောင်စေပါသည်။

ဒီလိုအစားထိုးကုသမှုခံယူသည့်အခါအလှူရှင်နှင့် လက်ခံသူ သွေးအမျိုးအစားလည်းတူ တစ်ရှူးလည်းတူရင် ၉၀ ရာခိုင်နှုန်းတောင်အောင်မြင်သည့် ခွဲစိတ်မှု ကြီးတစ်ခုပါ။ ကျောက်ကပ်ဆိုတာ တစ်ခုတည်းရှိရင်တောင် ၎င်း၏ လုပ်ငန်းတာဝန်တွေကို ၁၀၀ ရာခိုင်နှုန်းလုပ်နိုင်သည့်အတွက် ပျက်စီးနေသည့်ကျောက်ကပ်တွေနေရာမှာ ကျန်းမာသည့်ကျောက်ကပ် တစ်ခုကို အစားထိုးလိုက်မည်ဆိုပါက ကျောက်ကပ်၏ လုပ်ငန်းဆောင်တာတွေက အကောင်းဆုံး ပြန်လည် လုပ်ဆောင်နိုင်မှာပါ။ ဒီအစားထိုးကုသမှု ကျောက်ကပ်ပေးလှူသူကို ထိခိုက်မှုမရှိသလို လက်ခံသူအတွက်လည်း အဆင်ပြေသည့် အစားထိုးကုသမှုတစ်ရပ်ပါ။

ကျောက်ကပ်အစားထိုးကုသမှုခံယူပြီးရင် ဘာတွေသတိထားမလဲ………

ကျောက်ကပ်အစားထိုးကုသမှုခံယူပြီးသည့်အခါ ကျန်းမာနေစေဖို့အတွက်ဆိုရင် အချက်တွေကို ဂရုစိုက်ဖို့လိုပါမည်။

ရောဂါပိုးတွေ ကူးစက်မခံရအောင်ကာကွယ်ပါ – အစားထိုးကုသမှုခံယူပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ကိုယ်ခံအားက တော်တော်လေးကျဆင်းနေနိုင်ပါသည်။ ဒီလိုကိုယ်ခံအားကျဆင်းနေမှုကရောဂါတွေအလွယ်တကူဝင်ရောက်စေနိုင်သည့် အကြောင်းအရင်းတစ်ခုပါ။ ထို့ကြောင့် လူထူထပ်သည့်နေရာကို မသွားပါနှင့်။

မကြာခဏလက်ဆေးပါ – အပြင်ကပြန်လာတိုင်း၊ ညစ်ပေသည့်အရာတွေကို ကိုင်တွယ်ထိတွေ့မိပြီးတိုင်း၊ အစာမစားခင်၊ အစာစားပြီးချိန်၊ ရေအိမ်ကနေဆင်းလာတိုင်းမှာ လက်ကို ရေနှင့် ဆပ်ပြာ သုံးပြီးဆေးကြောပါ။ ရေမလို လက်သန့်ဆေးရည်သုံးပြီးဆေးကြောပါ။

ရေဓာတ်ပြည့်ဝအောင်နေပါ -ကျောက်ကပ်အစားထိုးကုသမှုခံယူထားသူအဖို့ ရေဓာတ်ပြည့်ဝနေဖို့ကလည်း အရေးပါသည့်အချက်တစ်ခုပါ။ ထို့ကြောင့် တစ်နေ့ကို ၂ လီတာသောက်ပေးပါ။ ကဖင်းနှင့် အယ်လ်ကိုဟောကို လုံးဝရှောင်ပေးပါ။

သေချာကျက်အောင် မချက်ထားသည့် အစားအစာတွေ – ကိုယ်ခံအားနည်းနေချိန်မှာ အစားအစာတွေကို အစိမ်းစားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အတွက်ကြောင့် အသားငါးတွေကို အစိမ်းစားတာ၊ သေချာကျက်အောင် မချက်ဘဲ စားတာမျိုးတွေမလုပ်ပါနှင့်။

ပရိုတင်းပြည့်ဝအောင် စားသုံးပါ – ကိုယ်ခံအားပြန်လည်ကောင်းမွန်လာစေဖို့အတွက် လိုအပ်သည့် ပရိုတင်းကို ပြည့်ဝအောင်စားသုံးဖို့လည်းလိုသည့်အတွက်ကြောင့် အဆီမပါသည့် ကြက်သားကို စွပ်ပြုတ်လုပ်သောက်ပေးပါ။

ကမ္ဗလာသီး မစားပါနှင့်-ဆေးဝါးတွေသောက်သုံးနေရတာကြောင့် ကမ္ဗလာသီး နှင့် ကမ္ဗလာသီးဖျော်ရည်တွေကို မစားပါနှင့်။

အရောင်ကျဆေးတွေမသောက်ပါနှင့် – ဒီလိုမျိုး ကိုယ်ခံအားပြန်ကောင်းအောင်လုပ်ဆောင်နေချိန်မှာ မလိုအပ်ဘဲ အရောင်ကျဆေးတွေကို မသောက်ပါနှင့်။

ဗီတာမင် အားဖြည့်ဆေးတွေ၊ဆေးဖက်ဝင်ရေနွေးကြမ်းတွေကို မသောက်ပါနှင့်-ကျောက်ကပ် အစားထိုးကုသမှု ခံယူပြီးသူတစ်ယောက်အနေဖြင့် ဗီတာမင် အားဖြည့်ဆေးတွေသောက်တာ၊ ဆေးဖက်ဝင် ရေနွေးကြမ်းတွေ သောက်သုံးတာမျိုးကို လုံးဝရှောင်ကြဉ်ရပါမည်။