အဆုတ်ရောဂါ၏ သတိပေးလက္ခဏာများ
Posted_Date
Image

Body
အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါသည်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင် ပေးပါသည်။
အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါသည်။ ယခုနောက်ပိုင်း ပြောင်းလဲလာသည့် လူနေမှုပုံစံ နှင့် ညစ်ညမ်းမှုတွေ ပိုများလာသည့် ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါသည်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါသည်။
အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်သည့် အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင် စေဖို့အတွက် အဆုတ်ရောဂါ၏ သတိပေးလက္ခဏာများအကြောင်း ပြောပြပေးချင်ပါသည်။
အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ ရှိလား
အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ ရှိလား ဆိုတော့ ရှိပါသည်။ တစ်ခါတလေမှာ အဆုတ်ရောဂါ၏ အစောပိုင်း လက္ခဏာတွေက အအေးမိတာ၊ ဓာတ်မတည့်တာတွေနှင့်တော့ ခပ်ဆင်ဆင် တူနေတတ်သော်လည်း သေချာလေး ခွဲခြားမည်ဆိုပါက မတူပါဘူး။ ဒီတော့ အဆုတ်ရောဂါ၏ သတိပေးလက္ခဏာများ အကြောင်း အတူတူ လေ့လာလိုက် စို့နော်။
အဆုတ်ရောဂါ၏ သတိပေးလက္ခဏာများ
အဆုတ်ရောဂါ ခံစားနေရပြီဆိုရင် အခြား ကျန်းမာရေးပြဿနာတွေလိုပဲ သတိပေးလက္ခဏာတွေ ခံစားရနိုင်ပါသည်။ ရောဂါလက္ခဏာတွေကို စောစောသိပြီး စောစော ကုသမယ်ဆိုရင် ကျန်းကျန်းမာမာ နေထိုင်နိုင်မှာပဲ ဖြစ်ပါသည်။ အဆုတ်ရောဂါ၏ သတိပေးလက္ခဏာများ က ဘာတွေလဲဆိုတော့
အသက်ရှူရခက်တာ ဒါမှမဟုတ် အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ
အကြောင်းအရင်းတစ်ခုခု မရှိဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ထားတာ၊ လမ်းတွေအကြာကြီး လျှောက်ထားတာ၊ လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ထားတာမျိုး မရှိဘဲ အသက်ရှူတာ ပုံမှန် မဟုတ်ဘဲ အသက်ရှူရ ခက်နေတာ၊ အသက်ရှူ မဝ ဖြစ်နေမည်ဆိုရင် အဆုတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုနေပါပြီ။
လေမဝသလို ခံစားနေရတာ
အသက်ရှူနေသော်လည်း လေမဝသလို ခံစားနေရတာ နှာခေါင်းပိတ်နေသလိုမျိုး လေဝဝ မရဘူးလို့ ခံစားနေရတာ၊ အသက်ရှူသွင်း ရှူထုတ်လုပ်ရတာ ခက်ခဲနေတာမျိုး ဖြစ်မည်ဆိုပါက အဆုတ် ကျန်းမာရေး ထိခိုက်နေပါပြီ။ ဆရာဝန် နှင့် ပြသကြည့်ဖို့ လိုပါမည်။
နာတာရှည် ချောင်းဆိုးနေတာ
ချောင်းဆိုးတာက တစ်လကျော်နေပြီ။ ချောင်းဆိုးပျောက်စေသည့် အိမ်တွင်းကုထုံးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ ဝယ်သောက်နေသော်လည်း မသက်သာဘူး ဖြစ်နေမည်ဆိုလျှင် အသက်ရှူလမ်းကြောင်း နှင့် အဆုတ်မှာ ကျန်းမာရေး ထိခိုက်တာတွေ ရှိနေပါပြီ။
ချောင်းဆိုး သွေးပါတာ
ချောင်းဆိုးလိုက်ချိန်မှာ သွေးပါလာတာ အဆုတ် ကျန်းမာရေး ထိခိုက်နေတာ သိသာသည့် လက္ခဏာ တစ်ရပ်ပါ။ သွေးစ တွေက အဆုတ်တွေနှင့် အသက်ရှူလမ်းကြောင်း အထက်ပိုင်းကနေ ထွက်လာတာပါ။ ဒါက အဆုတ်ကို ကုသမှု ခံယူဖို့ လိုအပ်နေတာ ပြနေတာပါ။
အမြဲလိုလို ချွဲသလိပ်တွေ ထွက်နေတာ
ချွဲသလိပ်တွေက ကူးစက်ရောဂါ ပိုးတွေနှင့် ဓာတ်မတည့်မှု ဖြစ်စေသည့်အရာတွေကို ကာကွယ်ပေးတာပါ။ သို့သော် ချွဲသလိပ်တွေက ၁ လလောက်အထိ ဆက်တိုက် ထွက်နေမယ်ဆိုရင်တော့ အဆုတ်ရောဂါ ရှိနေတာပါ။ အရောင် ပါသည့် သလိပ်တွေထွက်နေရင် ပိုပြီးသတိထားသင့်ပါသည်။
အမြဲလိုလို ရင်ဘတ်အောင့်နေတာ
အကြောင်းအရင်း တစ်စုံတရာ မရှိဘဲ ရင်ဘတ်အောင့်တာက ၁ လ သို့မဟုတ် ၂ လထက် ကျော်နေမည်ဆိုပါက သို့မဟုတ် ချောင်းဆိုးလျှင် အသက်ရှူလိုက်လျှင် ရင်ဘတ်အောင့်တာက ပိုဆိုးလာမည်ဆိုရင် အဆုတ် ကျန်းမာရေး ပြဿနာ ရှိနေတာပါ။
အထက်ဖော်ပြပါ လက္ခဏာလေးတွေကို ကြည့်ပြီး မိမိကိုယ်တိုင် ဆန်းစစ်လိုက်နော်။