လာမည့် ရက်သတ္တပတ်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် ၁၇ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးသို့ ဝန်ကြီးချုပ် မိုဒီ တက်ရောက်မည်ဖြစ်သော်လည်း ဆွေးနွေးမည့် အစီအစဉ်က ဘာလဲ
Posted_Date
Image

Body
ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ၁၇ ကြိမ်မြောက် BRICSထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် ဘရာဇီးသို့ တရားဝင်အလည်အပတ် ခရီးသွားရောက်မည် ဖြစ်ပြီး၊ အဆိုပါအစည်းအဝေးသည် ရီယိုဒီဂျနေရိုမြို့တွင် ဇူလိုင်လ ၆ ရက် နေ့ ၇ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်သည်။ အဆိုပါ ကမ္ဘာ့ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံပွဲသည် ဝန်ကြီးချုပ် မိုဒီ၏ ငါးနိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ဂါနာ၊ ထရီနီဒက်နှင့်တိုဘာဂို၊ အာဂျင်တီးနားနှင့် နမီးဘီးယား တို့သို့လည်း သွားရောက်မည် ဖြစ်ပါသည်။ ယင်းခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပါသည်။
ဝန်ကြီးချုပ် မိုဒီ၏ BRICS ထိပ်သီးအစည်းအဝေးအစီအစဉ်
ထိပ်သီးအစည်းအဝေး ကာလအတွင်း ကမ္ဘာ၏ထိန်းကြောင်းမှုစနစ် ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး၊ ဉာဏ်ရည်တုနည်းပညာသုံးစွဲရာတွင် တာဝန်ခံမှု ရှိစေရေး၊ ရာသီ ဥတုပြောင်းလဲမှု အပေါ် အလေးထားရေး၊ ကမ္ဘာ့ကျန်းမာရေးနှင့် စီးပွားရေး၊ ဘဏ္ဍာရေးကဏ္ဍ စသည့် အဓိကကျသည့် ကမ္ဘာ့ရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားဖွယ် ရှိပါသည်။ ထိပ်သီးအစည်းအဝေး၏ ဘေးဘန်းဆွေးနွေးပွဲအဖြစ် ဘရာဇီး သမ္မတ Luiz Inácio Lula da Silvaနှင့် မိုဒီတို့ တွေ့ဆုံ၍ အိန္ဒိယနှင့် ဘရာဇီးတို့ အကြား ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စွမ်းအင်၊ အာကာသ၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် မဟာဗျူဟာ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားရေး ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးသွားရန် မျှော်မှန်းထားပါသည်။
ဝန်ကြီးချုပ် မိုဒီ၏ ငါးနိုင်ငံ ခရီးစဉ်
ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် မကြာမီသွားရောက်မည့် ခရီးစဉ်အတွင်း ၎င်း၏ ပထမဆုံး နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အာဂျင်တီနားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး၊ သမ္မတ Javier Gerardo Milei နှင့် တွေ့ဆုံမည်ဖြစ်ပါသည်။ ခေါင်းဆောင်နှစ်ဦးသည် ယခင် တက်ရောက်ခဲ့သည့် ဖိုရမ်များ၏ ဘေးဘန်းဆွေးနွေးပွဲများတွင် တွေ့ဆုံခဲ့ကြဖူးသော်လည်း၊ ယခု တွေ့ဆုံမှုသည် ပထဆုံးအကြိမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၏ စံပြတွေ့ဆုံခြင်းဖြစ်ပါသည်။
ထိုသို့ တွေ့ဆုံရာ၌ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု၊ မြေရှားဓာတ်သတ္တုများ၊ စိုက်ပျိုးရေးနှင့် သမားရိုးကျနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။
BRICSဆွေးနွေးပွဲများအတွင်း အိန္ဒိယသည် ၎င်း၏ကာလရှည်ကြာစွာတည်ရှိနေသည့် နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ဘရာဇီးနှင့် အာဂျင်တီးနားတို့နှင့်အတူဖော်ပြသွားဖွယ်ရှိသည်။
လေးနိုင်ငံခရီးစဉ်ကို ဂါနာမှစမည်
ဝန်ကြီးချုပ် မိုဒီ၏ ခရီးစဉ်သည် ဂါနာနိုင်ငံသို့ ဇူလိုင်လ ၂ ရက်နှင့် ၃ ရက် အတွင်း အသစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် သမ္မတ John Dramani Mahama ၏ ဖိတ်ကြားချက် အရ သွားရောက်မည် ဖြစ်ပါသည်။ ခရီးစဉ်သည် ဂါနာ၏ စီးပွားရေး ပြန်လည်တည်ဆောက်မှုအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကာ၊ စိုက်ပျိုးရေးကဏ္ဍ၊ အနောက် အာဖရိကတွင် ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက်တစ်ခု ထူထောင်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး စသည့် အရေးပါသော အစီအမံများကို ဆွေးနွေးသွားဖွယ်ရှိကြောင်း ပြည်ပရေးရာဝန်ကြီး Mr. Ravi က ပြောကြားပါသည်။
ထရီနီဒက်နှင့် တိုဘဂို ခရီးစဉ်
ဇူလိုင်လ ၃ ရက်မှ ၄ ရက်အတွင်း ဝန်ကြီးချုပ်သည် ထရီနီဒက်နှင့် တိုဘဂိုသို့ သွားရောက် လည်ပတ်မည်ဖြစ်ပါသည်။ ယင်းသည် ၁၉၉၉ ခုနှစ်နောက်ပိုင်း အိန္ဒိယ ဝန်ကြီးချုပ်၏ ပထမ ဆုံးသော ကာရေဘီယမ် နိုင်ငံများသို့ သွားရောက်လည်ပတ်ခြင်းဖြစ်ပါသည်။ ခရီးစဉ်သည် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ ဆက်ဆံရေးကို နက်ရှိုင်းစေရန်နှင့် အပြန်အလှန် အကျိုး ရှိစေမည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု ကို ချဲ့ထွင်သွားရန် ဖြစ်ပါသည်။
နမီးဘီးယားသို့ - နောက်ဆုံးခရီးစဉ်
နောက်ဆုံးအနေဖြင့် နမီးဘီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ က ကွယ်လွန် သွားခဲ့သည့် ကိုလိုနီစနစ်ဆန့်ကျင်ရေး ဦးဆောင်သူ Sam Nujoma အား သွားရောက် ဂါရဝပြုမည် ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ငွေပေးချေမှုစနစ် စံသတ်မှတ်ရေး၊ ဘဏ္ဍာရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက် ရေးတို့အတွက် သဘောတူညီချက်တစ်ရပ်ကို အိန္ဒိယနှင့် နမီးဘီးယား နိုင်ငံတို့ အကြား လက်မှတ်ရေးထိုးကြရန်ရှိပါသည်။
၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် သိထားသင့်သည့် အချက်များ
၂၀၂၅ BRICS ထိပ်သီးအစည်းအဝေးသည် ယင်းအုပ်စု အဖွဲ့ဝင်များဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနှင့် အဖွဲ့ဝင်အသစ်အဖြစ် ပါဝင်လာသည့် အင်ဒိုနီးရှား၊ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုကဲ့သို့သော အုပ်စုတွင်း နိုင်ငံများ၏အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ဘရာဇီးနိုင်ငံမှ ရယူ၍ ကျင်းပခဲ့သည့် အချိန်ကာလ ဖြစ်ပါသည်။ ယင်းအုပ်စု၏ ဩဇာသက်ရောက်မှု ချဲ့ထွင်ရန် ဆော်ဒီအာရေဗျနိုင်ငံကိုလည်း ဖိတ်ကြားထား ပါသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို ရေယိုဒီဂျနေရိုမြို့ရှိ Museum of Modern Art ၌ ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့တောင်ခြမ်းမှ ခေါင်းဆောင်များ အတူတကွ စုဝေးရောက်ရှိ၍ ကမ္ဘာ့ စိန်ခေါ်မှုများကို ၊ ယခင် BRICS ထိပ်သီးအစည်းအဝေးအစီအစဉ်များနှင့်အညီ အဖြေရှာကြမည် ဖြစ်ပါသည်။
အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရာဇီးနိုင်ငံက ဦးစားပေးရမည့် အချက်များကို “Strengthening Global South Cooperation for More Inclusive and Sustainable Governance” ခေါင်းစဉ် အောက်မှ အောက်ပါအတိုင်း တင်ပြသွားရန်ရှိပါသည်-
ဆေးဝါးကုသမှုခွင့်ကို သာတူညီမျှ လက်လှမ်းမီသည့် ကမ္ဘာ့ကျန်းမာရေးစနစ် တိုးတက်စေရန်။
လျစ်လျူရှုထားသော အပူပိုင်းဒေသရောဂါများကို ကိုင်တွယ်ဖြေရှင်းခြင်း။
ဒေသသုံး ငွေကြေးများနှင့် အခြားငွေပေးချေမှုစနစ်များဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်။
ရာသီဥတု ဖောက်ပြန်မှုကို BRICS ၏ ဦးဆောင်မှု အစီအစဉ်ဖြင့် လုပ်ဆောင်ရန်တို့ ဖြစ်ပါသည်။
ထိပ်သီးအစည်းအဝေးတွင် AIနည်းပညာ ထိန်းချုပ်မှုကို တာဝန်သိစွာ ဆောင်ရွက်ရေး၊ ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးစနစ်များ ပြုပြင်ပြောင်းလဲရေးနှင့် BRICS ၏ အဖွဲ့အစည်းအတွင်း ဖွဲ့စည်းပုံကို ပိုမိုထိရောက်သော ဆုံးဖြတ်ချက်ချမှတ်များ အားကောင်းလာစေရန် အာရုံစိုက် ဆောင်ရွက် သွားမည်ဖြစ်သည်။
၂၀၂၅ ထိပ်သီး အစည်းအဝေးသည် ပြောင်းလဲနေသော ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းနှင့် BRICS ၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန်နှင့် စီးပွားရေး ထွန်းသစ်စနိုင်ငံများ အတွက် အခြား ရွေးချယ် စရာ အခင်းအကျင်းတစ်ခုကို ဖြစ်ပေါ်လာရန်အတွက် ကျင်းပခြင်း ဖြစ်ပါသည်။ အဆိုပါအုပ်စုသည် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေး စံချိန်စံနှုန်းများတွင် အားလုံး ပါဝင်သည့် အုပ်ချုပ်မှုစနစ်ပုံစံကို အလေးပေးဆောင်ရွက်ခြင်းဖြင့် ပိုမိုထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်ရန် ရည်မှန်းထားပါသည်။
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ