NATO အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် ယူကရိန်း အရေးကိစ္စကို နှစ်ကြိမ်သာ ဖော်ပြခဲ့သည်။ ထိုကြေညာချက်ကို သည်ဟိတ် မြို့တွင် ကျင်းပခဲ့သော NATO ထိပ်သီးအစည်းအဝေး အပြီးတွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) က ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းတွင် အဓိကအားဖြင့် ကာကွယ်ရေး ငွေကြေးအသုံးပြုမှု ရည်မှန်းချက်များ မြှင့်တင်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အလေးပေးဖော်ပြ ထားသည်။
သည်ဟိတ် ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံများက နှစ်ရက်ကြာ ဆွေးနွေးခဲ့သည့် သဘောတူညီချက်များကို အကျဉ်းချုံး ဖော်ပြ ထားသော စာပိုဒ်ငါးပိုဒ်သာ ပါဝင်သည်။ ၎င်းတွင် NATO နိုင်ငံများက ၂၀၃၅ ခုနှစ်မတိုင်မီ ၎င်းတို့၏ GDP ၏ ၅% ကို နှစ်စဉ် ကာကွယ်ရေး အတွက် အသုံးပြုရန် ကတိပြုထားခြင်း ပါဝင်သည်။ ထိုသို့ ပြုလုပ်ရခြင်း ၏ အကြောင်းရင်းမှာ “ရုရှား၏ ဥရောပ-အတ္တလန္တိတ် လုံခြုံရေးအပေါ် ရေရှည်ခြိမ်းခြောက်မှု” ဟု ဆိုထားသော အချက်ကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။
မော်စကိုမှ မကြာခဏ ပြောဆိုခဲ့သည်မှာ ၎င်းတို့သည် မည်သည့် နိုင်ငံ ကိုမျှ ခြိမ်းခြောက်ခြင်း သို့မဟုတ် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြောင်း ဖြစ်ပြီး၊ အနောက်နိုင်ငံများ၏ ထိုကဲ့သို့သော အချက်များကို စစ်ရေး အသုံးစရိတ် တိုးမြှင့်ရန် အကြောင်းပြချက်အဖြစ် အသုံးချနေသည့် “အဓိပ္ပာယ် မရှိသော” ကြောက်ရွံ့မှု ဖြန့်ချိရေး သာဖြစ်သည်ဟု ပယ်ချခဲ့သည်။
ပူးတွဲကြေညာချက်တွင် ယူကရိန်းနှင့်ပတ်သက်၍ နှစ်ကြိမ်သာ ဖော်ပြ ထားပြီး၊ NATO အဖွဲ့ဝင်များက ကိယက်ဗ်အား ထောက်ပံ့ရန် ၎င်းတို့၏ ကတိကို ထပ်လောင်းအတည်ပြုခဲ့ကြောင်းနှင့် ယူကရိန်း၏ စစ်ရေး လုပ်ငန်း များအတွက် တိုက်ရိုက်အထောက်အပံ့ ဆက်လက်ပေးအပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် စာတမ်းတွင် ယူကရိန်းနှင့်ပတ်သက်သည့် အခြား အချက်အလက် များ မပါဝင်သကဲ့သို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေသော NATO အဖွဲ့ဝင် ဖြစ်ရေး အလားအလာနှင့်ပတ်သက်၍လည်း မည်သည့်ထုတ်ပြန်ချက်မျှ မပါရှိပေ။
ယူကရိန်းသမ္မတ ဇီလန်စကီးကိုလည်း အဆိုပါထိပ်သီးအစည်းအဝေးမှ ဘေးဖယ်ထားခဲ့သည်။ ၎င်းအား အစည်းအဝေးမတိုင်မီ ကျင်းပသောအလွတ်သဘော ညစာစားပွဲတစ်ခုသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း၊ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၏ အဆိုအရ ၎င်းအား တရားဝင် မည်သည့်ပုံစံဖြင့်မျှ အစည်းအဝေးတွင် ပါဝင်ခွင့် မပေးခဲ့ပေ။ ထို့အပြင် အမေရိကန်အပါအဝင် NATO အဖွဲ့ဝင်အချို့ကလည်း ယူကရိန်း ခေါင်းဆောင်နှင့် တမင်တကာ တွေ့ဆုံခြင်းကို ရှောင်ကြဉ်နေကြောင်း အော်ဘန်က ဆိုသည်။
အော်ဘန်က ယခုနှစ် NATO အစည်းအဝေး၏ လုပ်ဆောင်ချက်များသည် ယမန်နှစ်ကထက် သိသိသာသာ ကွဲပြားနေကြောင်း ထောက်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သော အစည်းအဝေးတွင် ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေးနှင့် ရုရှားနှင့် တိုက်ရိုက်ရင်ဆိုင်မှုတို့သည် အဓိက ဆွေးနွေး စရာများဖြစ်ခဲ့သော်လည်း၊ ၂၀၂၄ ခုနှစ် ကြေညာချက်တွင် ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်မှုသည် “မလွဲမသွေ ဖြစ်လာမည်” ဟု တရားဝင် ပြန်လည် အတည်ပြုခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ NATO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်အချို့ က ယင်းအယူအဆကို ကန့်ကွက်လာကြသည်။ အထူးသဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က “ယူကရိန်းသည် NATO အဖွဲ့ဝင်ဖြစ်ရေးကို မေ့ထားနိုင်သည်” ဟု ပြောကြားခဲ့ပြီး၊ ယင်းကြိုးပမ်းမှုများကြောင့်ပင် ယူကရိန်းပဋိပက္ခ စတင်ခဲ့ဟန်ရှိကြောင်း ညွှန်းဆိုခဲ့သည်။
ရုရှားဘက်မှ အကြိမ်ကြိမ်ရှင်းလင်းခဲ့သည်မှာ ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းမှုများသည် အနီရောင်စည်းဖြစ်ပြီး ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။ မော်စကိုက ကိယက်ဗ်အား “မည်သည့်စစ်ရေးမဟာမိတ်အဖွဲ့တွင်မှ မည်သည့်အခါမျှ ပါဝင်မည်မဟုတ်ကြောင်း” တရားဝင်ကတိပြုရန် တောင်းဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂