တီဟီရန်သည် မည်သည့်အခါမျှ အညံ့မခံဟု ခါမေနီက ထရမ့်ထံ သတင်းစကားပေးပို့
အစ္စရေးနှင့် အီရန်ကြား စစ်ပြေငြိမ်းရေး ကြေညာပြီးနောက် ပထမဆုံး အကြိမ် မိန့်ခွန်းပြောကြားရာတွင် အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား “တီဟီရန်သည် မည်သည့်အခါမျှ အညံ့မခံပါ” ဟူသော ရှင်းလင်းပြတ်သားသော သတင်း စကားပို့လိုက်ပါသည်။
၁၂ ရက်ကြာ ပဋိပက္ခကာလအတွင်း ပစ်မှတ်ထားခံခဲ့ရသည့် အသက် ၈၆ နှစ်အရွယ် ခေါင်းဆောင်ကြီး ခါမေနီသည် ကြာသပတေးနေ့ (ဇွန် ၂၆) က မထင်မရှားနေရာတစ်ခုတွင် ကြိုတင်ရိုက်ကူးထားသော မိန့်ခွန်းကို ထုတ်လွှင့်ခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ စစ်ဗိုလ်ချုပ်ကြီးများနှင့် အဏုမြူသိပ္ပံပညာရှင်အချို့ ကျဆုံးပြီးနောက် ၎င်းသည် လူမြင်ကွင်း၌ ထွက်ပေါ်ခဲ့ခြင်းကို မတွေ့ရှိရသေးပေ။
ခါမေနီသည် အစ္စရေးနှင့် အမေရိကန်အပေါ် အောင်ပွဲခံကြောင်း မိန့်ခွန်း ပြောကြားခဲ့သော်လည်း ထရမ့်၏ “ကန့်သတ်ချက်မရှိ အညံ့ခံရန်” လှုံ့ဆော်မှုက အီရန်ခေါင်းဆောင်ကို စိတ်ထိခိုက်စေခဲ့ဟန်ရှိသည်။ ခါမေနီ သည် ၁၉၇၉ နှစ်လွန် အစ္စလာမ္မစ်တော်လှန်ရေး၏ လက်သစ် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အနောက်တိုင်းဩဇာလွှမ်းမိုးမှုကို ခုခံရန်နှင့် အီရန်အချုပ်အခြာအာဏာကို ကာကွယ်ရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံ ကိုဦးဆောင်နေသည်။
၁၃ မိနစ်ကြာ မိန့်ခွန်းတွင် ခေါင်းဆောင်ကြီးသည် အီရန်၏ အဏုမြူ စက်ရုံများ ပျက်စီးမှုနှင့် အနာဂတ်ဆွေးနွေးပွဲများအပါအဝင် အဓိက အကြောင်းအရာများကို ရှောင်ရှားခဲ့သည်။ ၎င်းက အမေရိကန် သမ္မတ အား ပျက်စီးမှုပမာဏကို ချဲ့ကားပြောဆိုသည်ဟု စွပ်စွဲခဲ့သော်လည်း ထို့ထက် ပို၍ ရှင်းလင်းသော အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်း ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။ ထို့အပြင် ခါမေနီက လာမည့်သီတင်းပတ်တွင် အမေရိကန်နှင့် ဆွေးနွေးမည့်ကိစ္စနှင့် ပတ်သက်၍လည်း တစ်စွန်းတစ်စမျှ ပြောဆိုခဲ့ခြင်းမရှိပေ။
အစိုးရ၏ မူဝါဒများကြောင့် ဆယ်စုနှစ်များစွာ နိုင်ငံတကာနှင့် ကင်းကွာ နေခဲ့သော်လည်း အစ္စရေး၏ တိုက်ခိုက်မှုကို ဆန့်ကျင်ရာတွင် စည်းလုံး လာသည့် အီရန်ပြည်သူများ၏ ရှားပါးသော စည်းလုံးမှုကို အခွင့်ကောင်း ယူရန် ၎င်းက ကြိုးစားနေသည်။
အစ္စရေးနှင့် အမေရိကန်၏ တိုက်ခိုက်မှုကို ဆန့်ကျင်သည့် အတိုက်အခံများနှင့် အကျဉ်းကျနေသည့် ကာ့ဒ်လှုပ်ရှားသူများအပါအဝင် အီရန် ပြည်သူများစွာသည် ယခုအချိန်တွင် တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်ခဲ့ ကြသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂