ထရမ့်က နေတန်ယာဟုအပေါ် အကျင့်ပျက် ခြစားမှုစွဲချက်များကို ပယ်ဖျက်သင့်ကြောင်းပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအပေါ် အကျင့်ပျက်ခြစားမှုစွဲချက်များကို ရုပ်သိမ်းပေးသင့်ကြောင်း တောင်းဆိုလိုက်ပါသည်။ အစ္စရေးနှင့် အီရန်တို့ ပစ်ခတ်မှု ရပ်စဲပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ထရမ့်က ၎င်း၏ Truth Social ပလက်ဖောင်းတွင် ၎င်း၏မဟာမိတ်ကို ချီးကျူးစကား ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ည (ဇွန် ၂၅) တွင် ရေးသားခဲ့သော ရေးသားမှုတစ်ခုတွင် “နေတန်ယာဟုသည် အစ္စရေးသမိုင်းတစ်လျှောက် အထူးချွန်ဆုံး စစ်သူရဲကောင်းတစ်ဦးဖြစ်သည်” ဟု ထရမ့်က ဂုဏ်ပြုရေးသားခဲ့သည်။ အစ္စရေး-အီရန် ပဋိပက္ခကာလအတွင်း နေတန်ယာဟု၏ ခေါင်းဆောင်မှုကို ချီးကျူးခဲ့ပြီး ၎င်းအပေါ်စွဲတင်ထားသော စွဲချက်များကို “နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် စွပ်စွဲခြင်း” ဟု ဝေဖန်ခဲ့သည်။
“ယခုကဲ့သို့ ကြီးမားသည့် စွပ်စွဲမှုတွေဟာ အစ္စရေးအတွက် အများကြီး ဆောင်ရွက်ပေးခဲ့သူတစ်ဦးအတွက် လုံးဝမဖြစ်သင့်ပါ” ဟု ၎င်းက ဆက်လက် ရေးသားခဲ့သည်။ “နေတန်ယာဟုအပါ် တရားစွဲဆိုမှုကို အမြန်ဆုံး ရပ်စဲပစ်သင့်ပါသည်။ သို့မဟုတ် နိုင်ငံတော်အတွက် အများကြီးဆောင်ရွက်ပေးခဲ့သည့် အဆိုပါ သူရဲကောင်းကြီးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါသည်” ဟု ထည့်သွင်းဖော်ပြခဲ့သည်။
နေတန်ယာဟုသည် ၂၀၂၀ ပြည့်နှစ်တွင် စတင်စွဲဆိုခံခဲ့ရသော အကျင့်ပျက် ခြစားမှုနှင့် ဩဇာလွှမ်းမိုးမှုဆိုင်ရာ အမှုသုံးမှုတွင် မည်သည့်မှားယွင်းမှုမျှ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားသည်။ ၎င်းသည် အစ္စရေး၏ ပထမဆုံး သော တရားစွဲဆိုခံနေရသည့် ဝန်ကြီးချုပ်ဖြစ်သည်။ အစ္စရေးဥပဒေအရ နေတန်ယာဟုသည် သီးသန့်တရားရုံးချုပ်မှ အပြစ်ရှိကြောင်း အမိန့် မချမှတ်မချင်း နုတ်ထွက်ရန် မလိုအပ်ပေ။
နေတန်ယာဟု က အီရန်နျူကလီးယားစက်ရုံများကို ဇွန်လ ၂၂ ရက်နေ့ တွင် တိုက်ခိုက်ရန် ထရမ့်၏ “သမိုင်းဝင် ဆုံးဖြတ်ချက်” နှင့် အစ္စရေး အတွက် ၎င်း၏ထောက်ခံမှုကို ချီးကျူးခဲ့သည်။ အီရန်နှင့် အစ္စရေး တို့ကြား ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခကို ရပ်စဲသည့် သဘောတူညီချက်သည် အင်္ဂါနေ့ (ဇွန် ၂၄) တွင် စတင်အသက်ဝင်ခဲ့ပြီး ယခုအချိန်ထိ အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂