ထိုင်းနိုင်ငံက ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့သည်ဟု ပြောကြား

News Image

  • ထိုင်းနိုင်ငံက ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့သည်ဟု ပြောကြား

ထိုင်းကျန်းမာရေးဝန်ကြီး Somsak Thepsuthin က ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဒေသများတွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် အရပ်သား ၁၁ ဦးနှင့် စစ်သားတစ်ဦး အနည်းဆုံး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ကမ္ဘောဒီးယား ဘက်မှ ပစ်ခတ်မှုကြောင့် နယ်စပ်အနီးရှိ ဆေးရုံတစ်ခုလည်း ထိမှန်ခဲ့ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ Surin နယ်စပ်ရှိ Kap Choeng ခရိုင်အုပ်ချုပ်ရေးမှူး Sutthiroj Charoenthanasak က BM-21 ဒုံးကျည်နှစ်စင်းသည် ဇူလိုင် ၂၄ ရက် နံနက် ၉:၄၀ တွင် Ban Jorok ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုအချိန်တွင် ကျေးရွာသားများသည် ရွှေ့ပြောင်းရန် ပြင်ဆင် နေချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုဒုံးကျည်ကျရောက် ပေါက်ကွဲ မှုကြောင့် လူကြီးတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး ခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Sutthiroj က ထိုင်း-ကမ္ဘောဒီးယား စစ်တပ်များအကြား Ta Moan Thom Temple အနီးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ခရိုင်အာဏာပိုင်များက နယ်စပ်အနီးရှိ ကျေးရွာ ၈၆ ရွာမှ ကျေးရွာသား ၄၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထိုကျေးရွာသားများကို အနီးရှိ ပရာဆတ်ခရိုင် (Prasat District) ရှိ ကျောင်းများသို့ ပို့ဆောင် ပေးခဲ့သည်။

ဇူလိုင် ၂၄ ရက်တွင် ကမ္ဘောဒီးယား၏ Khmer Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယိုတွင် နယ်စပ်တိုက်ပွဲများ စတင်ပြီးနောက် ကမ္ဘောဒီးယား တပ်မတော်၏ ဒုံးပစ်လက်နက်များမှ ထိုင်းနိုင်ငံဘက်သို့ ဒုံးကျည်များ အဆက်မပြတ် ပစ်လွှတ်နေပုံကို မြေပြင်နှင့် လမ်းပေါ်မှ ရိုက်ကူး ထားသည့် ရုပ်သံများပါရှိသည်။ သို့သော် အဆိုပါဗီဒီယိုတွင် ကမ္ဘောဒီးယား တပ်မတော်က မည်သည့်ဒုံးပစ်လက်နက်အမျိုးအစားကို အသုံးပြုခဲ့သည် ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ကမ္ဘောဒီးယား တပ်မတော်တွင် BM-21 Grad, PHL-81, PHL-90B နှင့် RM-70 အပါအဝင် ၁၂၂ မီလီမီတာ ဒုံးပစ် လက်နက်များ၊ ထို့အပြင် ၃၀၀ မီလီမီတာ ဒုံးကျည်များ ပစ်လွှတ်နိုင်သော PHL-03 လက်နက်များနှင့် အခြားဒုံးပစ်စနစ်ဟောင်းများလည်း ရှိသည်။

ထိုင်းစစ်တပ်က F-16 တိုက်လေယာဉ်များ စေလွှတ်ကာ နယ်စပ်အနီးရှိ ကမ္ဘောဒီးယား တပ်များကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းတိုက်လေယာဉ်များက Phnom Penh ထိန်းချုပ်ရာဒေသရှိ Wat Kaew Sikkhakirivoraram လမ်းအနီးတွင် ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အဆောက်အဦပျက်စီးမှု ရှိ၊ မရှိ ဖော်ပြခဲ့ခြင်း မရှိပါ။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက "ထိုင်းနိုင်ငံက စစ်သား အမြောက်အမြားနှင့် စစ်လက်နက်ကြီးများချထားကာ ကမ္ဘောဒီးယားနယ်မြေကို အင်အားသုံး သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်း" ဖြစ်သည်ဟု စွပ်စွဲခဲ့ပြီး "ကုလသမဂ္ဂ ပဋိညာဉ်၊ ASEAN ၏ စံနှုန်းများနှင့် အပြည်ပြည် ဆိုင်ရာဥပဒေအခြေခံမူများကို ထင်ရှားစွာ ချိုးဖောက်ခြင်း" ဟု ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ 

ကမ္ဘောဒီးယားဘက်က အငြင်းပွားနယ်စပ်တွင် မြေမြှုပ်မိုင်းများထောင်ခဲ့ပြီး မေလက တိုက်ပွဲတစ်ခုတွင် ထိုင်းစစ်သား တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းဘက်က စွပ်စွဲခဲ့သည်။ 

ထိုင်းနိုင်ငံက ကမ္ဘောဒီးယား သံအမတ်ကြီးအား နှင်ထုတ်ခဲ့ပြီး မိမိဘက်မှ သံအမတ်ကို ပြန်ခေါ်ကာ နှစ်နိုင်ငံဆက်ဆံရေး အဆင့်လျှော့ချခဲ့သည်။ ကမ္ဘောဒီးယားကလည်း ဇူလိုင် ၂၄ ရက်တွင် ထိုင်းနှင့် သံတမန်ဆက်ဆံရေးကို "အနိမ့်ဆုံးအဆင့်" သို့ လျှော့ချပြီး ဘန်ကောက်ရှိ သံရုံးဝန်ထမ်းများ ပြန်ခေါ်မည်ဟု ကြေညာခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂