မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အသက်မပြည့်သေးသူ ကျောင်းသားလူငယ် ၁၀ ဦးအား အကြမ်းဖက်အဖွဲ့ဝင်အဖြစ် အဓမ္မစေခိုင်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်
24 July 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အသက်မပြည့်သေးသူ ကျောင်း သားလူငယ်များအား အကြမ်းဖက်အဖွဲ့ဝင်အဖြစ် စေခိုင်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းများကိုပါ လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ဘုရားကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ အသက်မပြည့်သေးသူ ကျောင်းသားလူငယ်များဖြစ်ကြသည့် မောင်မင်းနောင်(၁၄)နှစ်၊ မောင်ချစ်မင်းခန့်(၁၄)နှစ်၊ မောင်ကောင်းခန့်ဝေ(၁၃)နှစ်၊ မောင်နေမျိုးသူ(၁၄)နှစ်၊ မောင်ထူးခန့်အောင်(၁၄)နှစ်၊ မောင်ကောင်းခန့်အောင်(၁၅)နှစ်၊ မနွေးယုမွန်(၁၅)နှစ်၊ မောင်သက်ပိုင်ဦး(၁၅)နှစ်၊ မစိုးပြည့်သဇင်(၁၅)နှစ်နှင့် မခင်မြတ်နိုးဟန်(၁၄)နှစ်တို့ ၁၀ ဦးအား အကြမ်းဖက်အဖွဲ့ဝင်အဖြစ် စေခိုင်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရသူများအား လိုက်လံရှာဖွေခဲ့ရာ ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ဘုရားကျေးရွာအနောက်မြောက်ဘက် လေးဖာလုံခန့်အကွာ ဒေသအခေါ် ဘုန်းကြီးတောင်ခြေရှိ မန်းချောင်းဘေး၌ မောင်မင်းနောင်ပါ ၁၀ ဦးတို့အား ပြန်လည်တွေ့ရှိ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသက်မပြည့်သေးသူ ကျောင်းသားလူငယ်များအား အကြမ်းဖက်အဖွဲ့ဝင်အဖြစ် စေခိုင်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA