မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရပ်ကွက်/ကျေးရွာစာရေး အငြိမ်းစား ပြည်သူ တစ်ဦး ပြန်လည်လွတ်မြောက်

News Image

  • မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရပ်ကွက်/ကျေးရွာစာရေး အငြိမ်းစား ပြည်သူ တစ်ဦး ပြန်လည်လွတ်မြောက်

24 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မယ်ဇလီကွေ့ကျေးရွာနေ ရပ်ကွက်/ကျေးရွာစာရေး အငြိမ်း စား ဦးဌေးမောင်(၆၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးခန့်က ဒေါသာ-ဆင်နီတောင်-ပင်းတလဲ-မယ်ဇလီကွေ့ ကျေးရွာချင်းဆက်လမ်းအတိုင်း ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဦးဌေးမောင်အား မျက်နှာအဝတ်စည်း၍ ကျေးရွာမြောက်ဘက် လေးမိုင်ခန့်အကွာရှိ ဒေါသာကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒေါသာကျေးရွာအနီးအရောက်၌ “သတင်းပေး/ ဒလန်” မလုပ်ရန် ခြိမ်းခြောက်ပြောဆို၍ ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ၎င်း၏နေအိမ်သို့ မွန်းလွဲ ၃ နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA