ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်စကို-ပြုံယမ်း တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲ
ရုရှားနိုင်ငံသည် မော်စကိုမြို့မှ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ တိုက်ရိုက်ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခြင်းကို တနင်္ဂနွေနေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။
မြို့တော်များအကြား ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ခြင်းသည် ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းနှစ်များနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရုရှားလေကြောင်းဘလော့ဂ်များက ပြောကြားခဲ့သည်။ ဇွန်လတွင် စတင်ခဲ့သည့် မော်စကို-ပြုံယမ်း ခရီးသည်တင်ရထားများ ပြန်လည်ပြေးဆွဲခဲ့ပြီးနောက်ဤလေကြောင်းခရီးစဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။
လေဆိပ်၏ အချိန်ဇယားအရ ပထမဆုံးလေယာဉ်ခရီးစဉ်သည် Sheremetyevo လေဆိပ်မှ ည ၇ နာရီတွင် ထွက်ခွာမည်ဖြစ်သည်။
၈ နာရီကြာပျံသန်းမည့် ခရီးစဉ်ကို ခရီးသည် ၄၄၀ တင်ဆောင်နိုင်သည့် ဘိုးရင်း ၇၇၇-၂၀၀အီးအာရ် အမျိုးအစားလေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ရုရှား၏ အာရ်အိုင်အေသတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ လေယာဉ်လက်မှတ်များကို တစ်စောင်လျှင် ၅၆၃ ဒေါ်လာဖြင့် စတင်ရောင်းချခဲ့ပြီး ပထမဆုံး ခရီးစဉ်လက်မှတ်များသည် အလျင်အမြန်ပင် ရောင်းထွက်ခဲ့သည်ဟုလည်း အာရ်အိုင်အေက ဖော်ပြခဲ့သည်။
ရုရှားမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့သည် မော်စကိုနှင့် ပြုံယမ်းခရီးစဉ်ကို တစ်ပတ်နှစ်ကြိမ် ပြေးဆွဲရန် Nordwind လေကြောင်းလိုင်းကို ခွင့်ပြုချက်ပေးထားသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း ခရီးစဉ်လိုအပ်ချက် တည်ငြိမ်စေရန်အတွက် ယခုအခါ တစ်လလျှင်တစ်ကြိမ် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
Ref: အယ်အာရေဗျ အင်္ဂလစ်ရှ်
Popular Myanmar