ဝ ဒေသ၏ (၁၇၁) စစ်ဒေသအတွင်းသို့ ကျိုင်းတုံအခြေစိုက် တြိဂံဒေသစစ်ဌာနချုပ် တိုင်းမှူး လာရောက်ခဲ့သော်လည်း UWSA တွေ့ဆုံခဲ့ခြင်းမရှိဟုဆို
UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် “ဝ” ဒေသ (၁၇၁) စစ်ဒေသအတွင်းသို့ ကျိုင်းတုံအခြေစိုက် တြိဂံဒေသစစ်ဌာနချုပ် တိုင်းမှူး လာရောက်ခဲ့ကြောင်း WUSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဒေသအခြေစိုက်မီဒီယာတစ်ခုကို ဖြေကြားထားသည်။
“တိုင်းမှူးလာတာမှန်ပါတယ်။ နယ်မြေတပ်တွေသွားရောက်စစ်ဆေးတာဖြစ်မှာပါ။ ကျွန်တော်တို့နဲ့တွေ့ဆုံဖို့မရှိပါ။ ထိုင်းနဲ့လည်းတွေ့ဆုံဖို့မရှိပါ။ ထိုင်းနယ်စပ်ကိစ္စရပ် လောလောဆယ်ငြိမ်သွားပါပြီ။ ကျွန်တော်တို့ဖက်ကတော့ အားလုံးပုံမှန်ပါပဲ”ဟု ဖြေကြားထားသည်။
ကျိုင်းတုံအခြေစိုက် တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် ယမန်နေ့ ဒီဇင်ဘာ (၁၀) ရက်က လာရောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် မုံးတော့၊ မုံးထားဘင်သို့ ခရီးဆက်လက်ထွက်ခွာသွားကာ ထိုင်းနိုင်ငံနှင့် ဖြစ်ပွားနေသည့် နယ်စပ်အရေးကို ဆွေးနွေးဖြေရှင်းရန်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၂၅)ရက်က ထိုင်းစစ်တပ်နှင့် UWSA တို့အကြား ဖြစ်ပွားခဲ့သည့် နယ်မြေအငြင်းပွားမှုအတွင်း UWSA တပ်စခန်းများကို ယခု ဒီဇင်ဘာ (၁၈)ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရန် ထိုင်းစစ်တပ်ဘက်က အသိပေးထားသော်လည်း၊ ယင်းဖြစ်စဉ်အတွက် နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမည့်ကိစ္စရပ်သာဖြစ်ပြီး နိုင်ငံတော် ခေါင်းဆောင်ပိုင်းများကို သတင်းပေးပို့ထားပြီဖြစ်ကြောင်း သိရသည်။
Source- Popular Journal