ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများကြောင့် တက္ကနဖ်ကမ်းခြေတစ်လျှောက် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတင်းကြပ်
ရခိုင်ပြည်နယ် မောင်တောမြို့ကို သိမ်းပိုက်ထားတဲ့ AA နဲ့ပတ်သက်တဲ့ သတင်းတွေအရ ကော့ဘဇာဒေသ တက္ကနဖ်ခရိုင်ခွဲအတွင်း နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က တင်းကြပ်လိုက်တယ် လို့ “ဒါကာထရွိုင်ဗြွန်း”က ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်)မှာ ရေးသားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား နယ်ခြားမျဉ်းသဖွယ်ဖြစ်နေတဲ့ နတ်မြစ်ကို နှစ်နိုင်ငံမျှဝေပိုင်ဆိုင်ပါတယ်။ မြန်မာနိုင်ငံ မောင်တောမြို့ဟာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားဒေသ တက္ကနပ်ခရိုင်ခွဲ “ဂျာလီယာပါရာ” နယ်မြေရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေအနေနဲ့ နတ်မြစ်အတွင်း မြန်မာဘက်ခြမ်းရေပြင်ကို ရှောင်ရှားကြရန် မြန်မာနိုင်ငံအနောက်တံခါးမြောက်ပိုင်းဒေသကို သိမ်းယူပြီးနောက် AA တို့က သတိပေးထားကြောင်း သိရှိရပါတယ်။ အခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်နဲ့နယ်ခြားစောင့်တပ် (BGB) တို့က နယ်စပ်ဒေသ ကုန်းမြေနဲ့ရေလမ်းကြောင်းတစ်လျှောက် ကင်းလှည့်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေအပါအဝင် အခြားလှေသင်္ဘောတွေအနေနဲ့ အဲဒီဧရိယာနဲ့ ဝေးဝေးမှာနေဖို့ သတိပေးကြေညာချက်တွေကို ထုတ်ပြန်ထားတယ်လို့ တက္ကနဖ်ခရိုင်ခွဲ အုပ်ချုပ်ရေး UNO အရာရှိက ပြောပါတယ်။ တက္ကနဖ်အနီးမှာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား လပေါင်းအတန်ကြာ တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ယခုအခါ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာဘက်ခြမ်းနယ်မြေများကို AA တို့က အပြည့်အဝ ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်း၊ အဲဒါကြောင့် ဒေသခံငါးဖမ်းငါးဖမ်းသမားတွေကို သတိပေးဖို့ တနင်္ဂနွေနေ့မှာ နှိုးဆော်ချက်ထုတ်ပြန်ထားရခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်ခြားဖြစ်တဲ့ နတ်မြစ်ဟာ အလွန်အမင်း မငြိမ်မသက် ဖြစ်လာကြောင်း၊ ဥပဒေမဲ့ နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်မှုများကို တားဆီးရန်အတွက် BGB နဲ့ ကမ်းခြေစောင့်တပ်တို့က ကင်းလှည့်မှုများ တိုးမြှင့်ထားတယ်လို့ ရှင်းပြပါတယ်။
မကြာသေးမီရက်တွေအတွင်း မောင်တောဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်လာကြောင်း သတင်းတွေနဲ့အတူ ပြင်းထန်တဲ့ ပစ်ခတ်ပေါက်ကွဲသံတွေကြောင့် နတ်မြစ်နယ်စပ်ဒေသအနီး ဘင်္ဂလားဒေ့ရှ်နယ်မြေခံတွေမှာ ထိတ်လန့်တုန်လှုပ်လျက်ရှိကြောင်း၊ မောင်တောဒေသ နယ်မြေအများစုကို နစကအစိုးရက ယခင် ထိန်းချုပ်ထားခဲ့ပေမယ့် ယခုအခါ AA က အဆိုပါနေရာတွေကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ နတ်မြစ်အတွင်း လှေသင်္ဘောများသွားလာမှုအပေါ် AA က ကန့်သတ်ချက်ထုတ်ပြန်ထားကြောင်း၊ ရခိုင်မြောက်ပိုင်းနေ ဘင်္ဂါလီများ စိမ့်ဝင်လာမှုကို တားဆီးရန်နဲ့ လုံခြုံရေးထိန်းသိမ်းဖို့အတွက် နတ်မြစ်နဲ့ကုန်းမြေဧရိယာများမှာ တပ်လှန့်ထားကြောင်း စစ်တကောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် သတင်းမီဒီယာအရာရှိ ဒုတိယတပ်ရင်းမှူးက အတည်ပြုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရေပြင်ပိုင်နက်အတွင်း ဘယ်သူ့ကိုမှ ဝင်ရောက်ခွင့်မပြုကြောင်း၊ ဂျလီယာကျွန်းမှ စိန့်မာတင်ကျွန်းအထိ ကင်းလှည့်မှုတွေကို လုပ်ဆောင်နေပြီး ငါးဖမ်းသမားတွေကလည်း နယ်စပ်ကို ဖြတ်မကူးဖို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။ ယခုအခါ မောင်တောဒေသဟာ AA ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိနေကြောင်း၊ နယ်စပ်ဖြတ်ကျော်ခြင်းမပြုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကတင်းတင်းကြပ်ကြပ် အမိန့်ထုတ်ပြန်ထားကြောင်း တက္ကနဖ်နယ်စပ်အနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။ မောင်တောကို AA က သိမ်းပိုက်လိုက်တယ်လို့ မီဒီယာမျိုးစုံကနေတဆင့် သတင်းကြားသိရကြောင်း၊ အခြေအနေအရပ်ရပ်အတွက် အင်မတန်စိုးရိမ်မိတယ်လို့ အာရကန် ရိုဟင်ဂျာဆိုသူများ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အစည်းအရုံးဥက္ကဋ္ဌက ရှင်းပြပါတယ်။
Source- NP News