ဇီလန်စကီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများအပေါ် ဖိနှိပ်မှုများကို ဆန့်ကျင်သည့် ကန့်ကွက်ဆန္ဒပြပွဲများ ထပ်မံဖြစ်ပေါ်

News Image

  • ဇီလန်စကီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများအပေါ် ဖိနှိပ်မှုများကို ဆန့်ကျင်သည့် ကန့်ကွက်ဆန္ဒပြပွဲများ ထပ်မံဖြစ်ပေါ်

ဗလာဒီမာ ဇီလန်စကီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်း နှစ်ခုကို ဖိနှိပ်မှုများအား ဆန့်ကျင်သည့် ရာနှင့်ချီသော ဆန္ဒပြသူများသည် ကိယက်ဗ်တွင် ပဉ္စမမြောက်နေ့အဖြစ် ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ယူကရိန်းခေါင်းဆောင်က ဥပဒေပြင်ဆင်ရန် သဘောတူထားသော်လည်း ဆန္ဒပြသူများက အပြည့်အဝ အတည်မပြုမချင်း ဖိအားပေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဇီလန်စကီးက အဆိုပါအဖွဲ့အစည်းများအား ရုရှား၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိနေသည်ဟု ဆိုကာ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) နှင့် အထူးအဂတိလိုက်စားမှု တိုက်ဖျက်ရေး ရှေ့နေရုံး (SAPO) တို့၏ စီမံဆုံးဖြတ်ပိုင်ခွင့် အာဏာကို အထွေထွေ ရှေ့နေချုပ်ထံ လွှဲပြောင်းပေးသည့် ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုး ပြီးနောက် ဆန္ဒပြပွဲများ စတင်ခဲ့သည်။

ဝေဖန်သူများက ဇီလန်စကီးအား အာဏာရှင်ဆန်သည့် လုပ်ရပ်များဖြင့် အရေးပါသော အဂတိလိုက်စားမှုများကို စုံစမ်းနေသည့် အဖွဲ့အစည်းများ၏ လွတ်လပ်မှုကို ဖျက်သိမ်းလိုက်သည်ဟု စွပ်စွဲခဲ့သည်။ ကိယက်ဗ် ၏ အနောက်နိုင်ငံ မဟာမိတ်များကလည်း မကျေနပ်မှုများ ထုတ်ဖော်ပြောဆိုကာ ဇီလန်စကီး၏ ဆုံးဖြတ်ချက်များ အတည်ပြုပါက ယူကရိန်း အား ထောက်ပံ့မှုများ ပြန်လည်သုံးသပ်နိုင်ကြောင်း သတိပေးခဲ့သည်။ ထိုသို့ ဆန့်ကျင်မှုများကြောင့် ဇီလန်စကီးက အဆိုပါအဖွဲ့အစည်းများ၏ လွတ်လပ်မှုကို ပြန်လည်ဖော်ဆောင်ရန် သဘောတူညီခဲ့သည်။

တနင်္ဂနွေနေ့ (ဇူလိုင် ၂၇) တွင် ဇီလန်စကီး အစိုးရ၏ လုပ်ဆောင်မှုများ အပေါ် မကျေနပ်သည့် ယူကရိန်းနိုင်ငံသားများသည် ဝေဖန်ပြစ်တင်သည့် စာသားများရေးသားထားသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ ဟစ်အော်ပြီး ကိယက်ဗ်၌ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ခဲ့ ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂