စစ်ဘေးသင့် ဆူဒန်နိုင်ငံတွင် ဆန့်ကျင်ဘက်လက်နက်ကိုင်အဖွဲ့ ဦးဆောင်သော မဟာမိတ်အဖွဲ့က စင်ပြိုင်အစိုးရအဖွဲ့ ဖွဲ့စည်း
ဆူဒန်နိုင်ငံတွင် နှစ်နှစ်ကျော်ကြာ ပြင်းထန်သော ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် Rapid Support Forces (RSF) ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့နှင့်ပူးပေါင်းထားသည့် နိုင်ငံရေးမဟာမိတ်အဖွဲ့က စင်ပြိုင်အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။
The Leadership Council of the Sudan Founding Alliance (TASIS) က စနေနေ့ (ဇူလိုင် ၂၆) တွင် အဆိုပါဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး RSF ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး Mohamed Hamdan Dagalo ကို ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးမှူးများပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးပါ သမ္မတ ကောင်စီ ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ တောင်ကိုဒိုဖန်ပြည်နယ်တွင် နယ်မြေ အများအပြားနှင့် တပ်ဖွဲ့များကို ထိန်းချုပ်ထားသည့် အာဏာရှင်သူပုန် ခေါင်းဆောင် Abdelaziz Adam al-Hilu က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ဆူဒန်နိုင်ငံရေးသမား Mohamed Hassan Othman al-Ta'ayshi က ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်မည် ဖြစ်သည်။
"အဆိုပါ သမိုင်းဝင်အောင်မြင်မှုအခါသမယတွင် ဆယ်စုနှစ်များစွာ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည့် စစ်ဘေးဒဏ်ကို ခံစားခဲ့ရသော ဆူဒန် ပြည်သူများအား ရလဒ်ကောင်းများကို ဆောင်ကြဉ်းပေးမည့် အစိုးရအဖွဲ့ က ဂုဏ်ပြုနှုတ်ဆက်အပ်ပါသည်" ဟု TASIS က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
TASIS အဆိုအရ အဆိုပါစင်ပြိုင်အစိုးရဖွဲ့စည်းမှုသည် "လွတ်လပ်မှု၊ တရား မျှတမှုနှင့် ညီမျှမှုအခြေခံမူများပေါ်တွင် တည်ဆောက်ထားသော စည်းလုံးညီညွတ်သည့်မျိုးချစ်နိုင်ငံတော်နှင့် လူမှုရေးအရ ခွဲခြားမှုမရှိသော၊ ဒီမိုကရက်တစ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော၊ စိတ်အားထက်သန်စွာ စည်းလုံးသော ဆူဒန်နိုင်ငံအသစ်တစ်ခုကို တည်ဆောက်ရန် ကတိကဝတ် ကို ပြန်လည်အတည်ပြုခြင်း" ဖြစ်သည်ဟု ကြေညာခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂