အီးယူနှင့်အမေရိကန်တို့ ချမှတ်ခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်က အီးယူအတွက် ထိုးနှက်ချက်ဖြစ်ဟု လက်ရော့ပြော
အီးယူအဖွဲ့က အမေရိကန်ပြည်ထောင်စုနှင့် ချမှတ်ခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်သည် အဆိုပါအဖွဲ့အတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့က ဇူလိုင်လ ၂၈ ရက်တွင် ပြောသည်။
အီးယူ သို့မဟုတ် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား ချမှတ်ခဲ့သည့် ကုန်သွယ်ရေး သဘောတူညီချက်သည် ဥရောပရှိစက်မှုလုပ်ငန်းများကို လျော့ပါးစေရန်ခြိမ်းခြောက်လျက်ရှိသည့်အပြင် ဥရောပ၏ရင်းနှီးမြှုပ်နှံမှုများကို အမေရိ ကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းစေရန် ဖိအားပေးနိုင်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း စွမ်းအင်ကဏ္ဍအတွက် အမေရိကန်အပေါ် ပိုမိုအမှီသဟဲပြုရမည့်အလားအလာရှိကြောင်း လက်ရော့ကပြောသည်။
လက်ရော့၏ အဆိုပါပြောကြားချက်များသည် အီးယူအဖွဲ့မှ ဥရောပကော်မရှင်ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလေယန်က အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် ဇူလိုင်လ ၂၇ ရက်တွင်တွေ့ဆုံ၍ နှစ်ဦးနှစ်ဖက်အကြား ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားနိုင်ရန်အတွက် အငြင်းပွားဖွယ် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ချမှတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါသဘောတူညီချက်အရ အမေရိကန်အစိုးရအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ယခင်ကအဆိုပြုထားသည့် အခွန် ၃၀ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သည်။
ထို့ပြင် အီးယူအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၇၅၀ ဘီလီယံတန်ဖိုးရှိ ဓာတ်ငွေ့အရည်နှင့်နျူကလီးယား လောင်စာကဲ့သို့သော စွမ်းအင်အရင်းအမြစ် များကို ဝယ်ယူရန် လိုအပ်မည့်အပြင် အမေရိကန်နိုင်ငံ၏စက်မှုကဏ္ဍတွင်လည်း ဒေါ်လာ ၆၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရ မည်ဖြစ်ကြောင်းသိရသည်။
အီးယူနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ချမှတ်ခဲ့သည့် ကုန်သွယ်ရေး သဘောတူညီချက်သည် အမေရိကန် အစိုးရက ချမှတ်သည့် အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် အီးယူအဖွဲ့က လက်သင့်ခံသည် ဟူသော သဘောထားကို ပြသခြင်း ဖြစ်သောကြောင့် အဖွဲ့ဝင်နိုင်ငံများအတွက် သတိထားစရာ ဖြစ်ကြောင်း ဂျာမနီစက်မှု လုပ်ငန်းအဖွဲ့ကြီးမှ စီးပွားရေးလုပ်ငန်းရှင် များက ပြောကြားထားကြောင်း သိရသည်။
Ref: Rt