တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဇူလိုင် ၂၈
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိမိတို့ကော်မတီအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များသို့ သွားရောက်၍ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဒုတိယအဆင့်အဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းသုံးခုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း။
ရှေ့ပြေးစီမံချက်အနေဖြင့် ရမည်းသင်းမြို့နယ်တွင် ရေဘေးသင့်သွားခဲ့သည့် မိုးထိ၊ မိုးမိ၊ ဝါးဖြူ တောင်ဒေသမှ ချောင်းဖျားကျေးရွာနှင့် သပြေပင်ကျေးရွာတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အမရပူရမြို့နယ်တွင် ငလျင်ဘေးသင့် ရက်ကန်းလုပ်ငန်းရှင်များအတွက် ရက်ကန်းဇုန် (သို့မဟုတ်) ရက်ကန်းကျေးရွာတစ်ရွာ ထူထောင်ပေးနိုင်ရေးနှင့် ငွေကြေးအရင်းအနှီး ပြန်လည်ထူထောင်ပေးရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊ ကာလလတ်အစီအစဉ်အနေဖြင့် ငလျင်ကြောတစ်လျှောက် ငါးကီလိုမီတာအတွင်း ကျရောက်နေသည့် မြို့နယ် ၁၅ မြို့နယ်မှ ကျေးရွာပေါင်း ၄၈၉ ရွာတွင် သဘာဝဘေးပညာပေးအစီအစဉ်များနှင့် နိုင်ငံတော်ဘက်မှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ KBZ Center တွင် အစိုးရနှင့် လူမှုပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျှော့ချရေးသင်တန်းများကို လူထုလှုပ်ရှားမှုတစ်ခု အနေဖြင့် ဖော်ဆောင်ရေးတို့ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြပါကြောင်း။
ထို့ပြင် စစ်ကိုင်းမြို့တွင် ရှေ့ပြေးစီမံချက်အနေဖြင့် စစ်ကိုင်းတောင်ရိုး၌ မှီခိုနေကြရသည့် နေရပ်စွန့်ခွာပြည်သူများနှင့် ငလျင်ဘေးသင့်ပြည်သူ ၂၅၀၀၀ ကျော်အတွက် ရွာထောင်ဘက်တွင် စုစည်းနေရာချထားပြီး ပြန်လည်ထူထောင်ရေးအတွက် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း။
နေပြည်တော်၌ ဆောင်ရွက်နေသည့် ရှေ့ပြေးစီမံချက်တွင် တိုးတက်ဖော်ဆောင်မည့် ကဏ္ဍလေးရပ်အဖြစ် ဘေးသင့်ပြည်သူလူထု၏ ဘဝအခြေအနေ လုံခြုံအေးချမ်းစွာ တိုးတက်စေရန်၊ ဘေးသင့်ပြည်သူလူထု၏ ဝင်ငွေတိုးတက်လာစေရန်၊ ဘေးသင့်ပြည်သူလူထု၏ လူသားအရင်းအမြစ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူမှုအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှု တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမြင့်စိုးက ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာများ ပြန်လည်ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဖွင့်ပွဲ၌ ခင်းကျင်း ပြသမည့် အစီအစဉ်များ၊ ထောက်ပံ့ပစ္စည်းပေးအပ်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာများ ပြန်လည်ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
MOI