ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ်တို့၌ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

News Image

  • ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။
  • ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

29 July 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ရပ်ကွက်(၂)အနီး၌ လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် TOYOTA PROBOX အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်ပါခရီး သည် မောင်နိုင်(၄၆)နှစ်နှင့် ဘဂျမ်း(၂၇)နှစ်တို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၅၀) ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အားလုံ(ခ)အိုက်လွယ်(၄၅)နှစ်နှင့် ဖုန်းပြည့်စုံ(ခ)ကိုပြည့်(၃၃)နှစ်တို့ နှစ်ဦးအား နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် နမ့်စန်မြို့၊ ထင်းရှူးမြိုင်ကျေးရွာရှိ ဟိုတယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁ သိန်း)၊ ကတ်တမင်း ၀ ဒသမ ၀၀၃ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၃၀,၀၀၀)၊ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ရှစ်တောင့်၊ မော်တော်ယာဉ် နှစ်စီး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိသဖြင့် မောင်နိုင်၊ ဘဂျမ်း၊ အားလုံ(ခ)အိုက်လွယ်နှင့် ဖုန်းပြည့်စုံ(ခ)ကိုပြည့်တို့ လေးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

MOHA