ထရမ့်က ဗွန်ဒါလိုင်းယန်အား အလွယ်တကူ အနိုင်ရယူခဲ့ဟု အော်ဘန် ဝေဖန်

News Image

  • ထရမ့်က ဗွန်ဒါလိုင်းယန်အား အလွယ်တကူ အနိုင်ရယူခဲ့ဟု အော်ဘန် ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်းယန်အား ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် အပြတ် အသတ် လွှမ်းမိုးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ဥရောပသမဂ္ဂ (EU) အတွက် အလွန်ဆိုးရွားသော သဘောတူညီမှုမျိုး ဖြစ်သွားရကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

လပေါင်းများစွာက တင်းမာစွာ ညှိနှိုင်းခဲ့ရသည့် ကုန်သွယ်ရေး သဘော တူညီမှုကို ဇူလိုင်လ ၂၈ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ သို့သော် အော်ဘန်က “သဘောတူညီမှုတစ်ခု မဟုတ်ဘဲ ဒေါ်နယ်ထရမ့်သည် ဗွန်ဒါလိုင်းယန် အား နံနက်စာအဖြစ် အလွယ်တကူ စားသွားနိုင်ခဲ့သည်” ဟု ခိုင်းနှိုင်းကာ မှတ်ချက်ပြုခဲ့သည်။

ထို့အပြင် ၎င်းက "အဆိုပါ ဥရောပသဘောတူညီမှုသည် ဗြိတိန်နှင့် အမေရိကန်ချုပ်ဆိုထားသော သဘောတူညီမှုထက် ပိုမိုဆိုးရွားနေပြီးနောင်တွင် အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်ရန် အလွန် ခက်ခဲလိမ့်မည်" ဟု သုံးသပ်ခဲ့သည်။

အမေရိကန်သည် ဗြိတိန်နှင့်ချုပ်ဆိုထားသော သဘောတူညီမှုတွင် ဗြိတိန် ကုန်သွင်းကုန်များအား ၁၀% အကောက်ခွန်သတ်မှတ်ထားသော်လည်း၊ EUမှ အမေရိကန်သို့ တင်ပို့သည့် ကုန်စည်များအတွက် ၁၅% အကောက်ခွန် ကျသင့်မည်ဖြစ်ပြီး အမေရိကန်က EUဈေးကွက်တွင် ရောင်းချသည့် ကုန်စည်များအား ပြန်လည်စည်းကြပ်သည့် အကောက်ခွန်များ မကျသင့် စေရန် သဘောတူညီခဲ့သည်။

ထို့အပြင် ထရမ့်၏ပြောကြားချက်အရ EUသည် အမေရိကန်၏ စက်မှု လုပ်ငန်းများတွင် နောက်ထပ် ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်၊ အမေရိကန်စွမ်းအင်ထုတ်ကုန်များ ဒေါ်လာ ၇၅၀ ဘီလီယံ ဝယ်ယူရန်နှင့် အမေရိကန်လက်နက်များ ဒေါ်လာဘီလီယံပေါင်းရာချီ ဝယ်ယူရန်ကတိပြုထားသည်။ ဗွန်ဒါလိုင်းယန်ကမူ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကိုလာမည့် ၃ နှစ်အတွင်း အဆင့်ဆင့် အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂