Kursk ဒေသတိုက်ပွဲများတွင် ရုရှားက မြောက်ကိုရီးယား စစ်သားများကို အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ ပြောကြား

News Image

  • Kursk ဒေသတိုက်ပွဲများတွင် ရုရှားက မြောက်ကိုရီးယား စစ်သားများကို အသုံးပြုနေကြောင်း ယူကရိန်း သမ္မတ ပြောကြား

Kursk ဒေသရှိ ယူကရိန်းနေရာများကို အရှိန်မြှင့် တိုက်ခိုက်သိမ်းပိုက်ရန် ရုရှားသည် မြောက်ကိုရီးယား စစ်သားများကို စတင်တပ်ဖြန့်ထားကြောင်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က စနေနေ့ (ဒီဇင်ဘာ ၁၄ ရက်) တွင် ပြောကြားလိုက်ပါသည်။

“သိသိသာသာများပြားလှသည့် မြောက်ကိုရီးယား စစ်သားများကို ရုရှားက စတင်အသုံးပြုလိုက်သည့် အထောက်အထားပါ” ဟု ၎င်းက ညနေပိုင်းမိန့်ခွန်းတွင် ပြောကြားလိုက်ပါသည်။ 

“မြောက်ကိုရီးယားစစ်သားများနှင့် ပူးပေါင်းပါဝင်သော ရုရှားတပ်များသည် ဩဂုတ်လကတည်းက ကျူးကျော် တိုက်ခိုက်မှုများ အရှိန်မြှင့်ပြုလုပ်နေသည့် Kursk ဒေသ အတွင်း စစ်ဆင်ရေးများ ပြုလုပ်နေကြကြောင်း” ၎င်းက ဆိုပါသည်။ 

“ရုရှားနှင့်မြောက်ကိုရီးယားတို့ ယခုနှစ်နွေရာသီက ကာကွယ်ရေးသဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုး ပြီးနောက် မော်စကို ကို ကူညီရန် မြောက်ကိုရီးယားက စစ်သား ၁၀,၀၀၀ ကျော် စေလွှတ်ခဲ့သည်”ဟု ဝါရှင်တန် နှင့်ဆိုးလ်တို့က စွပ်စွဲထားကြပါသည်။ 

ယူကရိန်းသည် ယခင်က Kursk ဒေသ၏ စတုရန်း ကီလိုမီတာ ၁,၄၀၀ နီးပါးကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်လက ထိုဒေသ၏ စတုရန်းကီလိုမီတာ ၈၀၀ ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း ယူကရိန်းစစ်တပ်၏ သတင်းအရင်းအမြစ်တစ်ခုက AFP  သတင်းဌာနကို ပြောကြားထားပါသည်။ 

ကိုးကား - AFP