မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်
31 July 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ် သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာ၌ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်နိုင် (၅၂)နှစ်၏နေအိမ်သို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး နေအိမ်ရှိ မော်တော်ယာဉ် တစ်စီး၊ ဆိုင်ကယ် နှစ်စီးနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်ကာ ဦးမြင့်နိုင်အား အကြမ်းဖက်ခြိမ်းခြောက်ဖမ်းဆီး၍ ညောင်ပင်ဝိုင်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA