ရုရှားကို တန်ပြန်ရင်ဆိုင်ရန် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် လိုအပ်ကြောင်း နေတိုးအကြီးအကဲက တိုက်တွန်း
နေတိုးအကြီးအကဲ Mark Rutte က အတ္တလန္တိတ် ဖြတ်ကျော်မဟာမိတ်အဖွဲ့အနေဖြင့် လာမည့်နှစ်များ တွင် ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ဒီဇင်ဘာ ၁၂ ရက်က သတိပေးပြောကြားလိုက်ပါသည်။
“မဟာမိတ်နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို မိမိတို့၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၂ ရာခိုင်နှုန်းထက် တိုးမြှင့်သုံးစွဲသင့်ကြောင်း၊ အဖွဲ့ဝင် ၃၂ နိုင်ငံအနက် ၂၃ နိုင်ငံသည် ယခုနှစ်အတွင်း ထိုရည်မှန်းချက်ပြည့်မီမည်ဟု ခန့်မှန်းထားကြောင်း၊ စစ်အေးကာလ၌ ဥရောပနိုင်ငံများတွင် ၎င်းတို့ GDP ၏ ၃ ရာခိုင်နှုန်းကျော်ကို ကာကွယ်ရေးအတွက် သုံးစွဲခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ၂ ရာခိုင်နှုန်းထက် အများကြီးလိုအပ်နေပါကြောင်း” Rutte က ပြောကြားထားသည်။
အခြားတဖက်တွင် အမေရိကန် မဟာမိတ်နိုင်ငံများဖြစ်သည့် နေတိုးအဖွဲ့ဝင်များအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းကို သုံးစွဲ သင့်ကြောင်း ဝေဖန်ပြောကြားနေသည့် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ ဖိအားပေးမှုများ နှင့်ရင်ဆိုင်နေရပါသည်။
နယ်သာလန်ဝန်ကြီးချုပ်ဟောင်း Rutte က မဟာမိတ်အဖွဲ့သည် ကာကွယ်ရေးထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အစိုးရများအား "စက်မှုလုပ်ငန်း၊ ဘဏ်များနှင့် ပင်စင်ရန်ပုံငွေများကြားတွင် အတားအဆီးများ ဖန်တီးနေခြင်းကို ရပ်တန့်ရန်" တောင်းဆိုခဲ့သည်။
နေတိုးတပ်ဖွဲ့အကြီးအကဲက ဆိုက်ဘာတိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများအပါအဝင် မိမိတို့ လူအဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေမည့် ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း သတိပေးလိုက်သည်။
တရုတ်နိုင်ငံ၏ ရည်မှန်းချက်များနှင့်ပတ်သက်၍ ဘေကျင်းသည် ၎င်း၏တပ်ဖွဲ့များကိုပွင့်လင်းမြင်သာမှုမရှိဘဲ အကန့်အသတ်မရှိ အခိုင်အမာ တည်ဆောက်နေကြောင်း Rutte က သတိပေးပြောကြားခဲ့သည်။
ကိုးကား - CNN