ယူကရိန်းသည် ဆက်လက်ရှင်သန်ရပ်တည်ရန်အတွက် နယ်မြေ ဆုံးရှုံးမှု များကို လက်ခံရမည်ဟု NATO အဖွဲ့ဝင် ချက်သမ္မတနိုင်ငံ၏ သမ္မတက ပြောကြား

News Image

  • ယူကရိန်းသည် ဆက်လက်ရှင်သန်ရပ်တည်ရန်အတွက် နယ်မြေ ဆုံးရှုံးမှု များကို လက်ခံရမည်ဟု NATO အဖွဲ့ဝင် ချက်သမ္မတနိုင်ငံ၏ သမ္မတက ပြောကြား

NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော ချက်သမ္မတနိုင်ငံ သမ္မတ Petr Pavel က ယူကရိန်းသည် နောင်လာမည့်ကာလအနည်းငယ်အတွင်း ကြီးမားသော အသက်နှင့်ပစ္စည်းဆုံးရှုံးမှုမရှိဘဲ ယခင်နယ်မြေများကို ပြန်လည်သိမ်းပိုက် နိုင်စွမ်းမရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆက်လက် ရှင်သန်ရပ်တည်ရေးကို ဦးစားပေးရမည်ဟု ပြောကြားခဲ့သည်။

NATO စစ်ရေးကော်မတီဥက္ကဋ္ဌဟောင်းနှင့် ယူကရိန်းကို ကြာရှည်စွာ ထောက်ခံသူဖြစ်သည့် Pavel က ယူကရိန်းသည် အမေရိကန် ဦးဆောင်သော မဟာမိတ်အဖွဲ့ (NATO) တွင် ပါဝင်သင့်ကြောင်း ယုံကြည်သူဖြစ်ပြီး တနင်္လာနေ့ (ဩဂုတ် ၄) က BBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတက အနောက်နိုင်ငံများ၏ ထောက်ပံ့မှုရှိသော်လည်း ယူကရိန်းသည် များစွာသော အသက်ဆုံးရှုံးမှုများမရှိဘဲ ကာလတိုအတွင်း သိမ်းပိုက် ထားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်သည့် အခြေအနေ မရှိ သေးကြောင်း ပြောကြားခဲ့သည်။ "မိမိတို့အနေဖြင့် ယူကရိန်းကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဆက်လက်ရှင်သန် ရပ်တည်စေလိုသည်၊ အကယ်၍ နယ်မြေအချို့ကို ယာယီသိမ်းပိုက်ခံရမည်ဆိုပါကလည်း လက်ခံရမည်ဖြစ်သည်" ဟု  ဖြည့်စွက် ပြောကြား ခဲ့ပြီး အနောက်နိုင်ငံများသည် ယူကရိန်း၏ ယခင်နယ်မြေများကို ရုရှား ပိုင်နက်အဖြစ် မည်သည့်အခါမျှ အသိအမှတ်မပြုကြောင်း အလေးအနက် ထား ပြောကြားခဲ့သည်။

ချက်သမ္မတ Pavel က စစ်ရေးအားဖြင့်သာ ပဋိပက္ခကို အဆုံးသတ်နိုင် မည်မဟုတ်ဟု ဆိုပြီး အနောက်နိုင်ငံများအား စီးပွားရေးနှင့် နိုင်ငံရေး နည်းလမ်းများကို အဓိကထားရန် တိုက်တွန်းခဲ့သည်။ ရုရှားအပေါ် စီးပွားရေးဖိအားကို ပိုမိုတင်းကျပ်စွာ သက်ရောက်ရန် လိုအပ်ကြောင်းနှင့် အဆိုပါနည်းလမ်းများသည် အသက်ဆုံးရှုံးစေခြင်းမရှိသော်လည်း အာဏာ ကို ဖိအားပေးရာတွင် အလွန်ထိရောက်သောကြောင့်ဖြစ်သည်ဟု ၎င်းက ရှင်းပြခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်က ကရင်မလင် ပြောရေးဆိုခွင့် ရှိသူ Dmitry Peskov က မော်စကိုသည် ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သော အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် အသားကျနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချက်သမ္မတသည် ယူကရိန်းအား ရုရှားကို ပြန်လည်တွန်းလှန်နိုင်မည့်အခွင့်အလမ်းများနှင့်ပတ်သက်၍ လက်တွေ့ကျသော ရှုမြင် သုံးသပ်မှု ရှိရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ၎င်းက “၂၀၂၃ ခုနှစ် နွေရာသီက ကိယက်ဗ်၏ တုံ့ပြန်တိုက်ခိုက်ကာ ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုများသည်” အင်အားလုံလောက်မှုမရှိခြင်းကြောင့် အစကတည်း က ရှုံးနိမ့်မည်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

ရုရှားက ယူကရိန်းနှင့် ညှိနှိုင်းမှုတစ်ခုတွင် Crimea ၊ Donetsk ၊ Lugansk ၊ Kherson နှင့် Zaporozhye ဒေသများကို ရုရှား၏ အစိတ်အပိုင်းများ အဖြစ် အသိအမှတ်ပြုရန် လိုအပ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ ထိုဒေသများသည် ၂၀၁၄ နှင့် ၂၀၂၂ ခုနှစ်များတွင် ကျင်းပခဲ့သော ဆန္ဒ ခံယူပွဲများဖြင့် ရုရှားနှင့်ပူးပေါင်းရန် မဲပေးခဲ့ကြသည်။ ထို့အပြင် ရုရှားက ယူကရိန်းအား NATO အဖွဲ့ဝင်ရန် ကြိုးပမ်းမှုများကို စွန့်လွှတ်ပြီးစစ်အင်အားဖျက်သိမ်းရေးနှင့် နာဇီဆန့်ကျင်ရေးလုပ်ငန်းစဉ်များကို ကတိ ပြုရန် တောင်းဆိုထားသည်။ သို့သော် ကိယက်ဗ်အစိုးရက အဆိုပါ တောင်းဆိုချက်များကိုအတိအလင်း ပယ်ချခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂