ရုရှားမှရေနံဝယ်ယူမှုကြောင့် အိန္ဒိယအပေါ် အကောက်ခွန် သိသိသာသာ တိုးမြှင့်မည်ဟု ထရမ့် ခြိမ်းခြောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၅ ရက်တွင် အိန္ဒိယနိုင်ငံမှ တင်သွင်းကုန်များအပေါ် "လာမည့် ၂၄ နာရီအတွင်း" အကောက်ခွန်ကို သိသိသာသာတိုးမြှင့်မည်ဟု ကြေညာခဲ့သည်။ အိန္ဒိယအနေဖြင့် ရုရှား ရေနံကို ဆက်လက်ဝယ်ယူနေသောကြောင့် အဆိုပါ ဆုံးဖြတ်ချက် ချမှတ် ရခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ခြိမ်းခြောက်မှုမတိုင်မီတစ်ရက်က အိန္ဒိယအစိုးရက အမေရိကန် နှင့် ဥရောပသမဂ္ဂ၏ ရုရှားနှင့် ရေနံကုန်သွယ်မှုဆိုင်ရာ ဝေဖန်မှုများကို ပယ်ချခဲ့ပြီး "မိမိတို့၏ အမျိုးသားအကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံရေးကို ကာကွယ်ရန်" အစီအမံများချမှတ်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် အိန္ဒိယကို ပစ်မှတ်ထားခြင်းမှာ မဖြစ်သင့်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။
အမေရိကန်သမ္မတထရမ့်က အိန္ဒိယကို "အမြင့်ဆုံး အကောက်ခွန် စည်းကြပ်သောနိုင်ငံ"ဟု သတ်မှတ်ကာ CNBC Squawk Box ၏ ဖုန်း အင်တာဗျူးတစ်ခုတွင် အိန္ဒိယသည် ကောင်းမွန်သော ကုန်သွယ်ဖက် နိုင်ငံ မဟုတ်ဟု ပြောကြားခဲ့သည်။
အိန္ဒိယသည် အမေရိကန်သို့ ပို့ကုန်များစွာတင်ပို့ခဲ့သော်လည်း အမေရိကန် ဘက်က တူညီသည့် ကုန်သွယ်မှုမပြုခဲ့ပေ။ အိန္ဒိယပို့ကုန်များအတွက် အကောက်ခွန် ၂၅ % စည်းကြပ်ရန် မူလကသဘောတူခဲ့သော်လည်း ရုရှားမှ ရေနံများကိုဆက်လက်ဝယ်ယူခြင်းဖြင့် စစ်ဘက်ဆိုင်ရာ ယန္တရား များကို အားဖြည့်ပေးနေခြင်းကြောင့် လာမည့် ၂၄ နာရီအတွင်း သိသိ သာသာတိုးမြှင့်သွားမည်ဟု ထရမ့်က ရှင်းပြခဲ့သည်။
အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယနှင့် အမေရိကန်ကြား နှစ်နိုင်ငံကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၁.၈ ဘီလီယံထိ ရှိခဲ့ပြီး နယူးဒေလီအနေဖြင့် ကုန်သွယ်ရေးပိုလျှံမှု ၄၁.၁၈ ဘီလီယံ ရှိခဲ့သည်။
ထရမ့်က ဩဂုတ် ၅ ရက်က ၎င်း၏အင်တာဗျူးတွင် နယူးဒေလီ အစိုးရ အနေဖြင့် အမေရိကန်ကုန်စည်များအပေါ်မှ အကောက်ခွန်များကို အပြည့်အဝ ကင်းလွတ်ခွင့်ပေးရန် အဆိုပြုထားကြောင်း ပြောကြားခဲ့ပြီး ထိုအချက်သည် အိန္ဒိယ၏ ကုန်သွယ်ရေးမျှတမှုအတွက် ကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂