အိန္ဒိယအစိုးရက ကာကွယ်ရေးအသုံးစရိတ် ၇.၆ ဘီလီယံဒေါ်လာ ထပ်ဆောင်း ခွင့်ပြု
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက စစ်အင်အားတိုးချဲ့တည်ဆောက်ရန် ဒေါ်လာ ၇.၆ ဘီလီယံတန် ကာကွယ်ရေးဝယ်ယူမှုများကို အတည်ပြု လိုက်ကြောင်း ဩဂုတ် ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Rajnath Singh ဦးဆောင်သော ကာကွယ်ရေး ပစ္စည်းဝယ်ယူမှုကောင်စီ (DAC) က BrahMos ဒုံးကျည်များနှင့် လက်နက် တပ်ဆင်ထားသော ဒရုန်းများ ဝယ်ယူရန် သဘောတူညီခဲ့ပြီး တပ်မတော် ၏ ခေတ်မီတောင့်တင်းရေး အဆိုပြုချက်များကိုလည်း အတည်ပြုပေး ခဲ့သည်။
ကောင်စီက လေတပ်၏ Boeing လေယာဉ်များအပါအဝင် ရှိနှင့်ပြီးသော အရေးကြီးစနစ်များ၏ ရေရှည်ထိန်းသိမ်းရေးနှင့် S-400 လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ်အတွက် နှစ်စဉ်ထိန်းသိမ်းရေး စာချုပ်ကိုလည်း အတည်ပြုခဲ့သည်။ BrahMos ဒုံးကျည်များနှင့်အတူ အိန္ဒိယရေတပ်သည် Barak-1 ဒုံးကျည်စနစ်ကို အဆင့်မြှင့်တင်ရန် ခွင့်ပြုချက်ရရှိထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။
DAC က လေတပ်၏ Saksham/Spyder လက်နက်စနစ်များကို Integrated Air Command and Control System နှင့် ပေါင်းစပ်အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ရေးကိုလည်း အတည်ပြုခဲ့ပြီး လေကြောင်း ကာကွယ်ရေး ကွန်ရက်ကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။ အခြား အတည်ပြုချက် များတွင် တပ်မတော်၏ BMP ခြေမြန်တပ်မတော်ယာဉ်များအတွက်အပူလှိုင်း ပုံရိပ်ဖမ်းစက်နှင့် ညဘက်မြင်အာရုံခံကိရိယာများ၊ ရေတပ် အတွက် Compact Autonomous Surface Craft နှင့် လေတပ်အတွက် အဆင့်မြင့်တောင်တန်းဒေသသုံးရေဒါများ ပါဝင်သည်။ "Compact Autonomous Surface Craft ဝယ်ယူမှုသည် အိန္ဒိရေတပ်အား ရေငုပ် သင်္ဘောတိုက်ခိုက်ရေးတာဝန်များတွင် ခြိမ်းခြောက်မှုများကို ဖော်ထုတ်ကာ အမျိုးအစားခွဲခြားနိုင်စွမ်းနှင့် ချေမှုန်းနိုင်စွမ်းများ ပေးစွမ်းမည်" ဟု ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။
ထုတ်ပြန်ချက်တွင် အိန္ဒိယတပ်မတော်သည် MALE RPAs (Medium Altitude Long Endurance Remotely Piloted Aircraft) များ ရရှိမည် ဖြစ်ပြီး ယင်းဒရုန်းများသည် ပစ္စည်းတန်ဆာမျိုးစုံကို သယ်ဆောင်နိုင်စွမ်း ရှိကာ ၂၄ နာရီ စောင့်ကြည့်စစ်ဆေးနိုင်စွမ်းနှင့် တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးမည်ဟု ဖော်ပြထားသည်။
လွန်ခဲ့သည့်လက နယူးဒေလီသည် ပြည်တွင်းစက်မှုလုပ်ငန်းများမှ အဓိကထား ဝယ်ယူရန် ဒေါ်လာ ၁၂ ဘီလီယံတန် လက်နက်နှင့် ခဲယမ်း များ ဝယ်ယူမှုကို အတည်ပြုခဲ့သည်။ ကမ္ဘာ့ထိပ်တန်း ကာကွယ်ရေး သွင်းကုန် နိုင်ငံတစ်ခုဖြစ်သော အိန္ဒိယသည် သမိုင်းကြောင်းအရ ရုရှားကို စစ်လက်နက် ပစ္စည်းနှင့်နည်းပညာများအတွက် မှီခိုလေ့ရှိခဲ့သည်။ မော်စကိုသည် အိန္ဒိယ၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှုအစီအစဉ်တွင် တက်ကြွစွာ ပါဝင် ပူးပေါင်းဆောင်ရွက်နေပြီး သဘောတူညီချက်များဖြင့် ရုရှား ကာကွယ်ရေး ပစ္စည်းများကို အိန္ဒိယတွင် ထုတ်လုပ်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂