ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခြိမ်းခြောက်စာ လာရောက်ကပ်ထားခြင်းများ လုပ်ဆောင်

News Image

  • ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခြိမ်းခြောက်စာ လာရောက်ကပ်ထားခြင်းများ လုပ်ဆောင်

05 August 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီဝင်များနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ် သား ပြည်သူများအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်စာပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ ရက် မွန်းလွဲ ၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခြိမ်းခြောက်စာ တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံး၏ အရှေ့ဘက်တံစက်မြိတ်အောက်ရှိ သစ်သားတိုင်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဗလာစာရွက်ပေါ်တွင် ခဲတံဖြင့် “အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များအား သတ်ဖြတ်မည်” ဟု ခြိမ်းခြောက်ထားသော စာသားများရေးထားသည့် စာတစ်စောင်အား ကပ်ထားသည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခြိမ်းခြောက်စာ လာရောက်ကပ်ထားသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA