ကမ္ဘောဒီးယားနှင့် ထိုင်းတို့က အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ဖြစ်ပွားနေသည့်နယ်စပ်ပဋိပက္ခချုပ်ငြိမ်း
ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး လိုက်ခြင်းအားဖြင့် နှစ်နိုင်ငံကြားဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခမှာ ချုပ်ငြိမ်းသွားပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနှင့်ထိုင်းတာဝန်ရှိသူများ သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဩဂုတ်လ ၇ ရက်တွင် အထွေထွေနယ်စပ်ရေးရာကော်မတီ အစည်းအဝေးကို ကျင်းပပြီးနောက် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးသဘော တူစာချုပ်တွင် နှစ်နိုင်ငံစလုံးမှတပ်ဖွဲ့များကို လက်ရှိ နေရာများတွင်ပင် ဆက်လက်ထားရှိရေးနှင့် အပြန်အလှန်ရန်ပြုသည့် ပစ်ခတ်မှုများ လုပ်ဆောင်ခြင်း မပြုရန်တို့ ပါဝင်သည်။
အလားတူ နှစ်နိုင်ငံစလုံးက တစ်နိုင်ငံ၏ အရပ်သားများနှင့် အရပ်သားများပိုင်ဆိုင်သော အဆောက်အအုံများကို တစ်နိုင်ငံက ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန်၊ ဖမ်းဆီးခံ ထားရသော စစ်သည်များကို ချက်ချင်းပြန် လွှတ်ပေးရန်နှင့် ဖြန့်ကြက်ထားသည့် စစ်သည်အင်အားကိုလည်း ယခုထက်ပို၍တိုးမြှင့်ခြင်းမပြုရန် သဘောတူညီချက်တွင် ဖော်ပြပါရှိသည်။
ယခုရရှိလိုက်သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် နှစ်နိုင်ငံကြား ယုံကြည်မှုနှင့် ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်ဖြစ်စေရန် အခြေခံကျသောအရာတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်ကပြောထားသည်။
Ref: SCMP