အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၇ နှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်မည်
နယူးဒေလီ၊ ဩဂုတ်လ ၇ ရက်
အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီသည် ၇ နှစ်ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရ သတင်းရင်းမြစ်တစ်ခုက ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၆ ရက်) က ပြောကြား ခဲ့ရာ အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ပေကျင်းနှင့် သံတမန်ဆက်ဆံရေး ပိုမိုနီးစပ်လာသည့် နောက်ထပ်အရိပ်အယောင် တစ်ခု ဖြစ်ပါသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် စတင်မည့် နိုင်ငံပေါင်းစုံပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation - SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် တိုက်ရိုက်ပတ်သက်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ခရီးစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အာရှ နိုင်ငံများတွင် အမြင့်ဆုံးအခွန်များ ချမှတ်ခဲ့ပြီး နယူးဒေလီ၏ ရုရှား ရေနံဝယ်ယူမှုအပေါ် ထပ်မံအရေးယူသွားမည်ဟု ခြိမ်းခြောက်ခဲ့သည့် နောက်ပိုင်း အမေရိကန်နှင့် အိန္ဒိယတို့၏ ဆက်ဆံရေးသည် နှစ်ပေါင်း များစွာအတွင်း အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရချိန်တွင် ဖြစ်ပါသည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ တရုတ်နိုင်ငံ တျဲန်ကျင်းမြို့သို့ သွားရောက်ခြင်း သည် ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါသည်။ ထိုအချိန် က နှစ်နိုင်ငံ ဆက်ဆံရေးသည် ၂၀၂၀ ပြည့်နှစ်တွင် အငြင်းပွားဖွယ် ဟိမဝန္တာ နယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် သိသိသာသာ ဆိုးရွားလာခဲ့ပါသည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ပြီးခဲ့သည့် အောက်တိုဘာလက ရုရှားတွင် ကျင်းပခဲ့သည့် BRICS ထိပ်သီး အစည်း အဝေးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆက်ဆံရေး ပိုမိုနီးစပ်လာခဲ့ပါသည်။ လက်ရှိတွင် ကြီးမားသည့် အာရှအိမ်နီးချင်းနိုင်ငံနှစ်ခုသည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးကို အဟန့်အတားဖြစ်စေခဲ့သော တင်းမာမှုများကို ဖြည်းဖြည်းချင်း လျှော့ချနေပြီဖြစ်ပါသည်။
အမေရိကန်သမ္မတထရမ့်သည် BRICS အဖွဲ့ဝင်နိုင်ငံများဖြစ်သော အိန္ဒိယ အပါအဝင် နိုင်ငံများ၏ သွင်းကုန်များအပေါ် “အမေရိကန် ဆန့်ကျင်ရေး မူဝါဒများနှင့် ကိုက်ညီသောကုန်ပစ္စည်းများ” အတွက် ၁၀ ရာခိုင်နှုန်း ထပ်မံ အခွန်စည်းကြပ်သွားမည်ဟု ခြိမ်းခြောက်ထားပါသည်။
အမေရိကန်သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၆) တွင် ယူကရိန်း စစ်ပွဲ တွင် အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်၏ နောက်ဆုံးမိနစ်ကြိုးပမ်းမှုများ၏ ရလဒ်ထွက်ပေါ်ပြီးနောက်တွင် ရုရှားရေနံဝယ်ယူမှု အတွက် အရေးယူမှုနှင့်ပတ်သက်၍ ၎င်း၏အစိုးရအဖွဲ့က ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန် သမ္မတက ရုရှားအပေါ် ငြိမ်းချမ်းရေး သဘောတူညီရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်မတိုင်မီ နှစ်ရက်အလိုတွင် ၎င်း၏ ထိပ်တန်းသံတမန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်တ်ကော့ဖ်သည် မော်စကိုတွင် ရောက်ရှိနေပါသည်။
တစ်ချိန်တည်းတွင် အိန္ဒိယ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် အာဂျစ် ဒိုဗာလ်သည် ရုရှားသို့ စီစဉ်ထားသည့်ခရီးစဉ်အရ ရောက်ရှိနေပြီး အိန္ဒိယ၏ ရုရှားရေနံဝယ်ယူမှုနှင့်ပတ်သက်၍ ထရမ့်၏ ဖိအားပေးမှုများ အပေါ် နီးစပ်သည့် နောက်ထပ်အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း အစိုးရနှင့် ပြောကြားခဲ့ပါသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် အာဂျစ် ဒိုဗာလ်သည် ရုရှား နှင့် အိန္ဒိယတို့၏ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအပြင် ရုရှား၏ S400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အိန္ဒိယသို့ ပို့ဆောင်ရန် ပိုမို မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် သမ္မတ ဗလာဒီမာ ပူတင်၏ အိန္ဒိယ သို့ လာရောက်မည့်ခရီးစဉ် ဖြစ်နိုင်ခြေတို့ကို ဆွေးနွေးမည်ဖြစ်ပါသည်။အာဂျစ် ဒိုဗာလ်၏ ခရီးစဉ်အပြီး သီတင်းပတ်အနည်းငယ်အကြာတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမာနီယမ် ဂျိုင်ရှန်ကာလည်း ရုရှား နိုင်ငံသို့လာရောက်မည်ဖြစ်ပါသည်။
ကိုးကား - channelnewsasia
Photo- Hindustan Times