၂ ကီလိုမီတာအကွာအဝေးအထိ ဝေဟင်ပစ်မှတ်များကို ပစ်ချနိုင်သည့် လေဆာလက်နက်တစ်ခုပိုင်ဆိုင်ထားကြောင်း ယူကရိန်းက အခိုင်အမာပြောကြား
၂ ကီလိုမီတာအကွာအဝေးအထိ ဝေဟင်ပစ်မှတ်များကို ပစ်ချနိုင်သည့် လေဆာလက်နက်တစ်ခု ပိုင်ဆိုင်ထားကြောင်း ယူကရိန်းက အခိုင်အမာပြောကြားခဲ့သည်ဟု tvpworld သတင်းအေဂျင်စီက ဖော်ပြထားပါသည်။
Kyiv Post သတင်းစာ၏ အဆိုအရ ယူကရိန်း ဒရုန်းတပ်ဖွဲ့များ၏ တပ်မှူး Vadym Sukharevskyi က ကွန်ဖရင့်တစ်ခုအတွင်း ၎င်းလက်နက်၏ လည်ပတ်မှု အခြေအနေကို အတည်ပြုခဲ့ပြီး ၎င်းသည် "စစ်ဆင်ရေးအတွက် အစစ်အမှန်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ၎င်း၏ အဖွဲ့သည် အကွာအဝေးနှင့် ထိရောက်မှုကို မြှင့်တင်ရန်လုပ်ဆောင်နေကြောင်း၊ “ယူကရိန်းနိုင်ငံသည် လေဆာလက်နက်ပိုင်ဆိုင်သည့် ပဉ္စမမြောက်နိုင်ငံဖြစ်ကြောင်း ၎င်းတို့ ပြောကြားနိုင်ပါပြီ” ဟု ယူကရိန်း၏ ဒရုန်းတပ်ဖွဲ့များ၏ တပ်မှူးက ပြောကြားခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။ အဆိုပါ လေဆာလက်နက်ဖြင့် အမြင့် ၂ ကီလိုမီတာထက်ပိုသည့် လေယာဉ်များကို ပစ်ချနိုင်နေပြီဖြစ်ကြောင်း သိရှိရသည်။
အခိုင်အမာ အတည်မပြုရသေးသော်လည်း အသေးစိတ်အချက်အလတ်အနည်းငယ်ကို မျှဝေထားသည့်အတိုင်း အဆိုပါလက်နက်ကို 'Tryzub' ဟု အမည်ပေးထားပြီး ယူကရိန်းနိုင်ငံ၏ အမျိုးသားသင်္ကေတဟု အဓိပ္ပာယ်ရသည့် သုံးပွင့်ဆိုင်ဟု အဓိပ္ပာယ်ရပါသည်။
အဆိုပါနည်းပညာကို ပြည်တွင်း၌ တီထွင်နိုင်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါသည်။
အခြားနိုင်ငံများသည် ဒရုန်းများ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် လေဆာလက်နက်များ တီထွင်ထုတ်လုပ်ရန် လုပ်ဆောင်လျက်ရှိပါသည်။
ရုရှားမောင်းသူမဲ့လေယာဉ်များအား တိုက်ခိုက်ရန် အကာအကွယ်အဖြစ် DragonFire ဟုခေါ်သော ဗြိတိန်လေဆာလက်နက်ကို ယူကရိန်းတွင် ဧပြီလတွင် အသုံးပြုနိုင်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့ပါသည်။
ဝေပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာနယ်မြေတွင် အဆိုပါ စနစ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က သတင်းပေးပို့ခဲ့ပါသည်။
ယူကရိန်း၏ ဒရုန်းအကြီးအကဲသည် သေးငယ်သည့် ကိရိယာနှစ်ခုကို သယ်ဆောင်နိုင်သည့် ကြီးမားသော “ဒရုန်းဘုရင်မများ” အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း ယူကရိန်းမီဒီယာက ဖော်ပြခဲ့ပါသည်။
အဆိုပါဒရုန်းများသည် ကီလိုမီတာ၇၀ကျော်အကွာရှိ ပစ်မှတ်များကို ထိမှန်နိုင်သည်ဟုယူဆရကြောင်း Kyiv Post နှင့် Kyiv Independent သတင်းအေဂျင်စီတို့က ဖော်ပြခဲ့ပါသည်။
ကိုးကား - Kyiv Post / Kyiv Independent