တခြားဂြိုဟ်မှာနေထိုင်ဖို့ခေါ်သွားပေးမယ့် ၃၆ မိုင်အရှည်ရှိ အာကာသယာဉ်
လူကိုထက်တော်တော်များများက အာကာသဆိုတာ ကြီးကို လက်တွေ့မျက်မြင်တွေ့ရှိထား ဖူးခြင်းမရှိကြပါဘူး။ ဇာတ်ကားတွေထဲ မှာပါတဲ့ဇာတ်ဝင်ခန်းလောက်ကိုသာ ကြည့်ဖူးကြတာပါ။ အခုနောက်ပိုင်းမှာတော့ အာကာသခရီးသွား လုပ်ငန်းက တော်တော်လေးကိုတွင် ကျယ်လာနေတဲ့အနေအထားရှိပါတယ်။ မကြာသေးခင်ကပဲ ကမ္ဘာ့သူဌေးကြီးတွေက အာကာသထဲကိုကိုယ်တိုင်ကိုယ်ကျသွားခဲ့ကြပြီးပါပြီ။
အဲဒီနောက်မှာတော့ ငွေကြေးတတ်နိုင်သူတွေက အာကာသခရီးတွေကို မကြာခဏဆိုသလို သွားကြတာတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့သွားခဲ့တဲ့ခရီးတွေက ကမ္ဘာပတ်လမ်း အနိမ့်ထဲလောက်ကိုသာ သွားခဲ့ကြတာပါ။ တစ်နည်းပြောရရင် ကမ္ဘာ့ဆွဲအားကနေလွတ်သွားတဲ့ အထိလောက်သာ သွားကြတာဖြစ်ပါတယ်။ တကယ့်ကို နက်ရှိုင်းတဲ့အာကာသထဲကိုတော့ မသွားဖူးကြသေးပါဘူး။ လက်ရှိအာကာသထဲကို ခေါက်တုံ့ခေါက်ပြန်သွားနေကြတဲ့ အာကာသယာဉ်မှူးများ တောင်မှ လပေါ်ထိပဲရောက်ဖူးကြတာပါ။ ဒါဆိုရင် နက်ရှိုင်းတဲ့ အာကာသထဲ ခရီးသွားပြီး တခြားသောဂြိုဟ်တစ်ခုမှာ အခြေချကြမယ်ဆိုရင် တော့ ဒါဟာသိပ်ကို စိတ်ကူးယဉ်ဆန်လွန်းသွားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အဲဒီလိုစိတ်ကူးယဉ်မှုတွေကနေပဲ လက်တွေ့အောင်မြင်မှုတွေရလာတာဖြစ်တဲ့အတွက် အခုဒီစိတ်ကူးကနေ လက်တွေ့အကောင်အထည် ဖော်မယ့်စီမံကိန်းတစ်ခုထွက်ပေါ်လာပါတယ်။ အဲဒီ စီမံကိန်းကိုတော့ Chrysalis Project လို့အမည်ပေး ထားပါတယ်။ ဒီစီမံကိန်းက အင်မတန်မှကြီးမားတဲ့ အာကာသယာဉ်ကြီးတစ်ခုကို တည်ဆောက်ပေးရ မှာပါ။ အဲဒီယာဉ်ကြီးက လူဦးရေ ၂၄၀၀ အထိကို တင်ဆောင်ပြီး မိမိတို့နဲ့အနီးဆုံးသော Alpha Centauri ဆိုတဲ့ကြယ်စင်စုထဲကိုသွားရမှာဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်က Proxima Centauri b ဆိုတဲ့ဂြိုဟ်ပေါ်မှာ လူသားတွေအခြေချနေထိုင်ဖို့ အတွက် ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။
ဒီနေရာမှာသွားရမယ့်အကွာအဝေးက နှစ်ပေါင်း ၄၀၀ လောက်ကြာမှာဖြစ်တဲ့အတွက် လိုက်ပါလာတဲ့ ခရီးသည်များဟာ ယာဉ်ပေါ်မှာပဲအချိန်ကုန်ဆုံး ရမှာဖြစ်ပြီး သူတို့ရဲ့နောက်မျိုးဆက်တွေကျမှသာ တခြားဂြိုဟ်ပေါ်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
ဒါကြောင့် သူ့ကိုမျိုးဆက်အဆက်ဆက်အာကာသယာဉ်လို့ ခေါ်တွင်နိုင်ပါတယ်။ ဒီယာဉ်ရဲ့ဒီဇိုင်းပိုင်းက Project Hyperion Design Competition ဆိုတဲ့ပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ProjectHyperion ဆိုတာ တခြားဂြိုဟ်တွေဆီသွားရောက် အခြေချနိုင်ဖို့အတွက် ဘယ်လို အာကာသယာဉ်က အဆင်အပြေဆုံးဖြစ်မလဲ ဆိုတာကို ရွေးချယ်တဲ့အဖွဲ့အစည်းတစ်ခုပါ။
အခုပြိုင်ပွဲမှာ ပထမရသွားတဲ့ Chrysalis Project ရဲ့ အာကာသယာဉ်က ပုံသဏ္ဌာန်အားဖြင့် စီးကရက်ပုံစံမျိုးရှိပါတယ်။ အရှည်က ၃၆ မိုင်ပါ။ အတွင်းပိုင်း မှာလိုက်ပါသူတွေ ရှင်သန်နေထိုင်နိုင်စေဖို့အတွက် ဆွဲအားရရှိစေဖို့ အပြင်ဘက်ပိုင်းကအဆက်မပြတ် လည်ပတ်နေမှာပါ။ အဲဒီယာဉ်ကိုတည်ဆောက်ဖို့က နှစ်ပေါင်း ၂၀ ကနေ ၂၅ နှစ်ကြား ကြာမြင့်မှာဖြစ်ပါတယ်။ သူ့အတွင်းပိုင်းမှာ စိုက်ပျိုးရေးလုပ်နိုင်တဲ့နေရာတွေ၊ ဥယျာဉ်တွေ၊ နေအိမ်တွေ၊ ဂိုဒေါင်တွေအပြင်တခြားအဆောက်အအုံတွေပါဝင်ပြီး ဒါတွေ အားလုံးကိုတော့ နျူကလီးယားဓာတ်ပေါင်းဖိုတွေက စွမ်းအားပေးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အာကာသယာဉ်ရဲ့ဒီဇိုင်းပိုင်းနဲ့ တည်ဆောက်မှုပုံစံများက စိတ်ကူးတဲ့အဆင့်မှာသာရှိနေသေးပေမယ့် တခြားဂြိုဟ်ဆိုတာကြီးကို စိတ်ကူးယဉ်နေကြသူများအတွက်တော့ ဒါကမျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်နေတာဖြစ်တဲ့အတွက် လက်တွေ့မဖြစ်လာနိုင်ဘူးလို့တထစ်ချမပြောနိုင်ပါဘူး။
Ref: IE
ကိုထက်
MWD