ရှုပ်ထွေးသောသံစဉ်များကိုပင် ၉၀ ရာခိုင်နှုန်းတူညီအောင်တီးခတ်နိုင်မယ့် စက်ရုပ်
လူတူစက်ရုပ်များကို သက်ကြီးရွယ်အိုများ ကိုကူညီပေးနိုင်ရေး၊ အန္တရာယ်ရှိတဲ့ကုန် ပစ္စည်းများကို ကိုင်တွယ်အသုံးပြုရေး အစရှိတဲ့ လုပ်ငန်းများအတွက် ဖန်တီးထုတ်လုပ် ထားကြတာ ဖြစ်ပါတယ်။ အရင်တုန်းက စက်ရုပ် ဆိုတာကိုမြင်တွေ့လိုက်ရင် တော်တော်လေးကို အထင်ကြီးခဲ့ကြတာပါ။ အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းမှာ စက်ရုပ်ဆိုတာတွေက မရှိမဖြစ်လိုမျိုး ဖြစ်လာပါပြီ။ သိပ္ပံပညာရှင်များကလည်း ဘက်စုံအသုံးပြုနိုင်တဲ့ စက်ရုပ်များအပြင် ဖျော်ဖြေရေးလုပ် နိုင်တဲ့စက်ရုပ်များကိုလည်း ဖန်တီးတီထွင်လာကြ ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်တုန်းကဆိုရင် စက်ရုပ်တွေက သေတ္တာတွေကိုအတင်အချလုပ်နိုင်လာတယ်။ စက် ပစ္စည်းအစိတ်အပိုင်းတွေကို ပြန်လည်တပ်ဆင်တာ မျိုးတွေလုပ်နိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာကုထုံးပေးတာ မျိုးတွေလုပ်နိုင်လာပါတယ်။ ဒါပေမဲ့ အနုပညာကို ဖန်တီးမှုအပိုင်းမှာတော့ တော်တော်လေးကိုအား နည်းပါတယ်။ တစ်နည်းပြောရရင် ကြီးမားတဲ့ကွာဟချက်ကြီးတစ်ခု ဖြစ်နေခဲ့တာပေါ့။ ဒီလိုမျိုးကွာဟ ချက်ကိုနည်းပါးစေဖို့အတွက် SUPSI၊ IDSIA နဲ့ Politecnico di Milano တက္ကသိုလ်တို့မှ သိပ္ပံပညာ ရှင်များက နည်းလမ်းတစ်ခုနဲ့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ကြိုးစားမှုရလဒ်ကတော့ Robot Drummer ဆိုတဲ့ စက်ရုပ်ဒရမ်တီးသမားထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။
Robot Drummer ဆိုတာ လူတူစက်ရုပ်တစ်မျိုး ပါ။ သူ့ရဲ့စွမ်းဆောင်ရည်တွေက စည်းချက်ကိုသာ လိုက်နိုင်ရုံသာမက ရှုပ်ထွေးလှတဲ့သံစဉ်တွေကိုပါ အချိန်ကိုက်လိုက်ပါ တီးခတ်နိုင်စွမ်းရှိပါတယ်။ ဒီလို စွမ်းဆောင်ရည်ဟာ တကယ့်ကိုကျွမ်းကျင်သူတစ်ဦးက ဒရမ်တီးခတ်နေသလိုမျိုး ဖြစ်တယ်လို့ ပညာရှင်များကပြောပါတယ်။ ဒါ့အပြင် အခုလိုမျိုးဒရမ်တီးခတ်နိုင်တဲ့ စက်ရုပ်ကို တီထွင်နိုင်ခြင်းဟာ နောင် တစ်ချိန်မှာ တိုက်ရိုက်ထုတ်လွှင့်ဖျော်ဖြေမှုတွေ လုပ်ဆောင်နိုင်တဲ့ စက်ရုပ်အနုပညာရှင်များကို ထွက်ပေါ်လာစေနိုင်မယ်လို့လည်း ပညာရှင်များက ပြောထားပါတယ်။
သိပ္ပံပညာရှင်များအနေနဲ့ အခုလိုမျိုးစက်ရုပ်ဒရမ် သမားကိုဖန်တီးဖို့အတွက်စိတ်ကူးရလာတာက လုပ် ဖော်ကိုင်ဖက်နဲ့ကော်ဖီသောက်ရင်းကနေ ရလာတာ ဖြစ်တယ်လို့ ဦးဆောင်သုတေသနပညာရှင် အာဆတ် အလီရှာဟစ်ကပြောပါတယ်။ သူ့အတွေးက တချို့ စက်ရုပ်တွေဆိုရင် တူရိယာတချို့ကို တီးခတ်နိုင်တာ ရှိပေမယ့် ဒရမ်တီးခတ်နိုင်တဲ့စက်ရုပ်မျိုးကိုတော့ မတွေ့ဖူးသေးဘူးပေါ့။ လူသား တစ်ယောက်အတွက်တောင်မှ ဒရမ်တီးတယ်ဆိုတာ စည်းချက်လည်းကျရမယ်။ ခန္ဓာကိုယ်လှုပ်ရှားမှု ကလည်း ဟန်ချက်ညီ ရမယ်။ လျင်မြန်စွာပူးပေါင်းဆောင်ရွက်မှုလည်းရှိ ရမယ်ဆိုတော့ ဒါကတော်တော်လေး ခက်ခဲတဲ့အရာ တစ်ခုဖြစ်တယ်ပေါ့။ ဒါကြောင့် ဒရမ်တီးနိုင်တဲ့စက် ရုပ်ကိုဖန်တီးကြည့်ကြမလားဆိုပြီး စိတ်ကူးရခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
အခုတော့ သူတို့ရဲ့စိတ်ကူးက လက်တွေ့ဘဝမှာ အကောင်အထည်ပေါ်လာပါပြီ။ အဲဒီစိတ်ကူးနဲ့အတူ ဖန်တီးလိုက်မှုကနေထွက်ပေါ်လာတဲ့ စက်ရုပ်ဒရမ် သမားက စည်းချက်ညီမှုတွေ၊ ဟန်ချက်ညီလှုပ်ရှား မှုတွေမှာ ပေးထားချက်အတိုင်း ၉၀ ရာခိုင်နှုန်းအထိ တူညီအောင်လုပ်ဆောင်နိုင်တာတွေ့ရတယ်လို့ဆို
ပါတယ်။
Ref: IE
ကိုထက်
MWD