မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်/ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေဆုံး

News Image

  • မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်/ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

10 August 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ် ခြင်းများပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာ၌ သေနတ်/ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၈ နာရီ ၅၀ မိနစ်တွင် အဆိုပါကျေးရွာနေ ဒေါ်နန်းရွှေဝါ(၄၂)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားလေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်/ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာ/ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်/ ဓားများဖြင့် ပစ်ခတ်ထိုးခုတ် သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOHA