မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည့် အလယ်တန်းပြကျောင်းဆရာမတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူ သုံးဦးတို့ ပြန်လည်ရောက်ရှိ

News Image

  • မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည့် အလယ်တန်းပြကျောင်းဆရာမတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူ သုံးဦးတို့ ပြန်လည်ရောက်ရှိ

10 August 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ လုံးကြီးကျေးရွာနှင့် ဘူးကျေးရွာတို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများမှာ ၎င်းတို့၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေ ၁၇ ရက်တွင် လုံးကြီး ကျေးရွာမှ ဒေါ်ခင်ဌေးဝင်း(၆၀)နှစ်အားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီတွင် ဘူးကျေးရွာနေသူများဖြစ်ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းမြင့်(၆၉)နှစ်နှင့် ၎င်း၏သား ဦးဝင်းကိုမြင့်(၄၂)နှစ်တို့အားလည်းကောင်း၊ ဘူးကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်း ပြဆရာမ ဒေါ်စန္ဒာမြင့် (၅၃)နှစ်၊ မြေတိုင်းစာရေး အငြိမ်းစား ဦးမျိုးလွင်(၅၅)နှစ်တို့အားလည်းကောင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အဆိုပါကျေးရွာများသို့ လာရောက်၍ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ရာမှ ဩဂုတ် ၉ ရက်တွင် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOHA