ရုရှားဗဟိုဘဏ်က မြန်မာကျပ်ငွေအတွက် တရားဝင်ငွေလဲနှုန်း သတ်မှတ် - ငွေကျပ် ၁၀၀၀ က ၃၇.၉၉၀၃ ရူဘယ်နှင့် ညီမျှ

News Image

  • ရုရှားဗဟိုဘဏ်က မြန်မာကျပ်ငွေအတွက် တရားဝင်ငွေလဲနှုန်း သတ်မှတ် - ငွေကျပ် ၁၀၀၀ က ၃၇.၉၉၀၃ ရူဘယ်နှင့် ညီမျှ

ရန်ကုန်၊ သြဂုတ် ၉

ရုရှားဖက်ဒေရေးရှင်းဗဟိုဘဏ်က မြန်မာကျပ်ငွေအတွက် တရားဝင် ငွေလဲနှုန်းတစ်ရပ် သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရပါသည်။

ရုရှားဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာကျပ်ငွေနှင့်အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ငွေကြေး တာကာ၊ ဘာရိန်းနိုင်ငံ၏ငွေကြေး ဒီနာ၊ ဘိုလီးဗီးယား နိုင်ငံ၏ငွေကြေး ဘိုလီးဗီယားနို၊ အိုမန်နီနိုင်ငံ၏ငွေကြေး ရီရယ်၊ ကျူးဘား နိုင်ငံ၏ငွေကြေး ပီဆို၊ အယ်လ်ဂျီးရီးယားနိုင်ငံ၏ငွေကြေး ဒီနာ၊ အီရန် နိုင်ငံ၏ငွေကြေး ရီယယ်၊ အီသီယိုးပီးယားနိုင်ငံ၏ငွေကြေး ဘီယာ၊ မွန်ဂိုးလီးယားနိုင်ငံ၏ငွေကြေး ထူးဂရခ်၊ နိုင်ဂျီးရီးယားနိုင်ငံ၏ငွေကြေး နိုင်ရာနှင့် ဆော်ဒီနိုင်ငံ၏ငွေကြေး ရီယယ်တို့က တရားဝင်ငွေကြေး စာရင်းထဲ ပါဝင်လာပါသည်။

အဆိုပါ နိုင်ငံခြားငွေကြေး ၁၂ မျိုးကို ရုရှားဖက်ဒေရေးရှင်းဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းစာရင်းမှာ ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ပြီး လက်ခံ အသုံးပြုလျက်ရှိကြောင်း သိရပါသည်။

ရုရှားဗဟိုဘဏ်၏ တရားဝင်ငွေလဲလှယ်နှုန်းသတ်မှတ်ချက်အရ မြန်မာ ကျပ်ငွေ ၁၀၀၀ ကို ရုရှားငွေကြေး ၃၇.၉၉၀၃ ရူဘယ်နှင့် ညီမျှကြောင်း သြဂုတ်လ ၉ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းစာရင်းမှာ ဖော်ပြထား ပါသည်။

ရုရှားဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းထားများနှင့် သက်ဆိုင်ရာ နိုင်ငံခြားငွေကို ဝယ်ရန် သို့မဟုတ် ရောင်းချရန် တာဝန်မယူဘဲ ရုရှား ငွေကြေး ရူဘယ်နှင့် နှိုင်းယှဉ်သတ်မှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

ရုရှားဖက်ဒေရေးရှင်းဗဟိုဘဏ်အနေဖြင့် မြန်မာကျပ်ငွေကို တရားဝင် ငွေကြေးစာရင်းမှာ ထည့်သွင်းပြီး ငွေလဲနှုန်းသတ်မှတ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ ဆောင်ရွက်ရာမှာ အမေရိကန်ဒေါ်လာသုံးစွဲမှုကို လျှော့ချနိုင်မည်ဟု သိရပါသည်။

လက်ရှိမှာ မြန်မာကျပ်ငွေနှင့် ရုရှားနိုင်ငံသုံး ရူဘယ်တို့အကြား MIR Payment System ကတ် အသုံးပြုပြီး တိုက်ရိုက်ပေးချေမှုများ ဆောင်ရွက် နိုင်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ ငွေပေးချေမှုရပ်ဝန်း ပိုမိုကျယ်ပြန့် လာစေရေး ရည်ရွယ်ချက်ဖြင့် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူပီး-ကျပ်၊ ရူဘယ်-ကျပ် ပေးချေနိုင်ရေး ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရ ပါသည်။

သတင်း - BETV Business