ဂါဇာကို အလုံးစုံသိမ်းပိုက်မည်ဟူသော ကြေညာချက်ကြောင့် အစ္စရေး ကို လက်နက်တင်ပို့မှုများ ဂျာမနီ ရပ်ဆိုင်း

News Image

  • ဂါဇာကို အလုံးစုံသိမ်းပိုက်မည်ဟူသော ကြေညာချက်ကြောင့် အစ္စရေး ကို လက်နက်တင်ပို့မှုများ ဂျာမနီ ရပ်ဆိုင်း

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ အစိုးရအဖွဲ့လုံခြုံရေးကောင်စီမှ ဂါဇာမြို့တော်ကို သိမ်းပိုက်ရန် အစီအစဉ်အား အတည်ပြုပြီးနောက် ဂျာမနီအစိုးရသည် အစ္စရေးသို့ လက်နက်တင်ပို့မှုများကို ယာယီရပ်ဆိုင်း လိုက်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ရုံးက ယင်းအစီအစဉ်ကို ဟားမက်အဖွဲ့ကို လက်နက် ဖျက်သိမ်းရန်၊ ဂါဇာကိုစစ်ဘက်သိမ်းပိုက်မှုဖယ်ရှားရန်နှင့် အစ္စရေးပြန်ပေးဆွဲ ခံအကျဉ်းသားများအား ပြန်လည်ရရှိရန်အတွက် စီမံချက်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ကြေညာခဲ့သည်။ မကြာသေးမီကပင် နေတန်ယာဟုက ဂါဇာဒေသကို အပြည့်အဝစစ်ရေးထိန်းချုပ်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါလုပ်ရပ်သည် ဂါဇာရှိ အစ္စရေးအကျဉ်းသားများအား အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် Friedrich Merz က "ဂျာမနီသည် အစ္စရေး၏ ဟားမက် အကြမ်းဖက်မှုကို တိုက်ဖျက်ရေးနှင့် အကျဉ်းသားများ ပြန်လည် ရရှိရေး ကို ထောက်ခံသော်လည်း၊ အဆိုပါစစ်ဆင်ရေးအသစ်က ထိုရည်မှန်းချက် များကို မည်သို့အောင်မြင်စွာရရှိမည်ဆိုသည်မှာ မရှင်းလင်းသေးပါ" ဟု ပြောကြားခဲ့သည်။

၎င်းက "ယခုအခြေအနေတွင် ဂျာမနီအစိုးရအနေဖြင့် ဂါဇာစစ်မြေပြင် တွင် အသုံးပြုနိုင်သည့် စစ်လက်နက်ပစ္စည်းများတင်ပို့မှုအား ထပ်မံ ကြေညာချက် တစ်စုံတစ်ရာ မရရှိမချင်း ခွင့်ပြုမည်မဟုတ်ပါ" ဟု သောကြာနေ့ (ဩဂုတ် ၈) ဖက်ဒရယ်အစိုးရဝက်ဘ်ဆိုက်၏ ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

ထို့အပြင် ၎င်းက "ဂျာမနီအစိုးရအနေဖြင့် ဂါဇာရှိ ပါလက်စတိုင်းတို့၏ ဆင်းရဲဒုက္ခများနှင့် ပတ်သက်၍ အလွန်ပင်စိုးရိမ်နေရပြီး အစ္စရေး၏ စစ်ဆင်ရေးအသစ်ကြောင့် ပါလက်စတိုင်းအရပ်သားများ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေး အာမခံချက်ကို ပိုမို တာဝန်ယူရမည်" ဟု အားလုံးသိရှိစေရန် ထပ်လောင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် ဂါဇာဒေသရှိ အစားအသောက်ပြတ်လတ်မှု အခြေအနေ အလွန်ဆိုးရွားလာနေကြောင်း သတိပေးနေပြီး အစ္စရေးနိုင်ငံအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ စီးဆင်းမှုကို ဟန့်တား နေသည်ဟု စွပ်စွဲထားသည်။

အစ္စရေးဝန်ကြီးချုပ်ရုံးက နေတန်ယာဟုသည် ဂျာမနီခေါင်းဆောင်နှင့် ဖုန်းဆက်ပြီး "အစ္စရေးသို့ လက်နက်တင်ပို့မှုကို ပိတ်ပင်ရန် Merz ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း" ပြောကြားခဲ့သည်ဟု ဆိုသည်။ "ဟားမက်အဖွဲ့ကို တရားမျှတစွာတိုက်ခိုက်နေသည့် အစ္စရေး ကို ထောက်ခံမည့်အစား" ဂျာမနီသည် "အစ္စရေးသို့ လက်နက် တင်ပို့မှု ကိုပိတ်ပင်ခြင်းဖြင့် ဟားမက်၏ အကြမ်းဖက်မှုကို ချီးမြှင့်နေခြင်း" ဖြစ်သည်ဟု ဝန်ကြီးချုပ်ရုံးက သောကြာနေ့ (ဩဂုတ် ၈) တွင် X လူမှု ကွန်ယက် ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂