ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုသည့်အတွက် အစ္စရေးက ဗြိတိန် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအချို့ရပ်ဆိုင်းနိုင်သည်ဟု Times သတင်းစာ က ဖော်ပြ

News Image

  • ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုသည့်အတွက် အစ္စရေးက ဗြိတိန် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအချို့ရပ်ဆိုင်းနိုင်သည်ဟု Times သတင်းစာ က ဖော်ပြ

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ဗြိတိန်နိုင်ငံ၏ ရည်ရွယ် လုပ်ဆောင်မှုကို တုံ့ပြန်သည့်အနေဖြင့် ထောက်လှမ်းရေး အချက်အလက် များ မျှဝေမှုကို ယာယီရပ်ဆိုင်းခြင်းအပါအဝင် အခြားပူးပေါင်း ဆောင်ရွက်မှု များကိုကန့်သတ်ရန် အစ္စရေးအစိုးရက စဉ်းစားနေကြောင်း The Times သတင်းစာက ကြာသပတေးနေ့ (ဩဂုတ် ၆) တွင် ဖော်ပြခဲ့သည်။

အစ္စရေးအစိုးရကို ကိုယ်စားပြုသည်ဟုယူဆရသော သံတမန်အရင်းအမြစ် တစ်ဦးက "အစ္စရေးအစိုးရက တုံ့ပြန်လုပ်ဆောင်ရန်ဆုံးဖြတ်ပါက ဗြိတိန် အနေဖြင့် ဆုံးရှုံးမှုများစွာရှိလာနိုင်သည်" ဟု သတိပေးခဲ့သည်။ ထို အရာရှိကပင် ဝန်ကြီးချုပ် နေတန်ယာဟုနှင့် အစိုးရအဖွဲ့တွင် တန်ပြန် နိုင်သည့် အကြံအစည်များရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဂါဇာတွင် လူသားချင်းစာနာမှုအခြေအနေများ သိသိသာသာ တိုးတက်မှု မရှိပါက လာမည့်လတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် လုပ်ဆောင်မည့် ဗြိတိန်အစိုးရ၏ ကြေညာချက်ကို အစ္စရေးက ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့သည်။ နေတန်ယာဟုက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာကို "အကြမ်းဖက်မှုကို ချီးမြှင့်နေခြင်း" ဟု စွပ်စွဲ တိုက်ခိုက် ခဲ့သည်။ 

အစ္စရေးကို ဝေဖန်သူများကမူ ဂါဇာနှင့်ပတ်သက်သော ၎င်း၏မူဝါဒများ သည် ဒေသအား နေထိုင်မှုမပြုနိုင်အောင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကာ ပြည်သူများအား ထွက်ပြေးရန် သို့မဟုတ် သေရမည့်ဘေးနှင့် ကြုံတွေ့စေနိုင်ကြောင်း စွပ်စွဲခဲ့သည်။

The Times ၏ဖော်ပြချက်အရ ဗြိတိန်နှင့် အစ္စရေးကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ကျဆင်းပါက နှစ်နိုင်ငံစလုံးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။ သတင်းစာတွင် အစ္စရေး ၏ Mossad ထောက်လှမ်းရေးအဖွဲ့သည် လန်ဒန်ရှိ အစ္စရေးသံရုံးကို ပစ်မှတ်ထားတိုက်ခိုက်မည့် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ခြင်း မှ ကာကွယ်ရန် အထောက်အကူဖြစ်စေခဲ့သည့် သတင်းအချက်အလက် များ အပါအဝင် အရေးကြီး သတင်းအချက်အလက်များကို ဗြိတိန်ဘက် သို့ ပေးပို့ခဲ့သည်ဟု ဖော်ပြထားသည်။ ဗြိတိန်နိုင်ငံသည် စစ်ဆင်ရေး လုပ်ငန်းများတွင်လည်း အစ္စရေးထုတ် စောင့်ကြည့်ဒရုန်းများကို အသုံး ပြုနေသည်။ 

တစ်ဖက်တွင် အစ္စရေးသည် ၎င်း၏ F-35 တိုက်လေယာဉ်များအတွက် အရန်အစိတ်အပိုင်းများကို ဗြိတိန်ထံမှ ရရှိနေသည်။ အစ္စရေး၏ ဗြိတိန် သို့ ကာကွယ်ရေးပစ္စည်းတင်ပို့မှုများသည် ဗြိတိန်၏တင်သွင်းမှုထက် သိသိသာသာ ပိုမိုများပြားနေသောကြောင့် ကုန်သွယ်ရေး ပြတ်တောက်မှု သည် ၎င်းအား စီးပွားရေးအရ ပိုမိုထိခိုက်စေနိုင်သည်။

အမည်မဖော်လိုသည့် လုံခြုံရေးကျွမ်းကျင်သူများက အစ္စရေးသည် ပြင်းထန်သော အရေးယူမှုများ ဆောင်ရွက်ရန် မဖြစ်နိုင်ဟု ပြောကြား ခဲ့ပြီး ဗြိတိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း "ထောက်လှမ်းရေး ကိစ္စများနှင့်ပတ်သက်သည့် မရေရာသော မှန်းဆချက်များ" နှင့်ပတ်သက်၍ မှတ်ချက်ပြုရန် ငြင်းဆိုခဲ့သည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် အရှေ့အလယ်ပိုင်း ပဋိပက္ခ ပြန်လည် မြင့်တက် လာပြီးနောက် နိုင်ငံများစွာသည် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ် ပြုကြောင်းကြေညာခဲ့ကြကာ အချို့ကလာမည့်လတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးတွင် အသိအမှတ်ပြုရန် အစီအစဉ်များ ကြေညာခဲ့ကြသည်။

ယခုသီတင်းပတ်အတွင်း အစ္စရေး၏ အစိုးရအဖွဲ့လုံခြုံရေးကောင်စီသည် ဂါဇာမြို့ကို စစ်တပ်ဖြင့် သိမ်းပိုက်ရန် အစီအစဉ်တစ်ရပ်ကို အတည်ပြု ခဲ့ပြီး ယင်းသည် နယ်မြေတစ်ခုလုံးကို လုံးဝသိမ်းပိုက်ရန် ဦးတည်နိုင် သည်ဟု သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂