ပူတင်နှင့် ထရမ့် ထိပ်သီးအစည်းအဝေးသို့ ဇီလန်စကီးအား ဖိတ်ကြားခြင်းမရှိဟု ဝါရှင်တန်ပို့စ်က ဖော်ပြ

News Image

  • ပူတင်နှင့် ထရမ့် ထိပ်သီးအစည်းအဝေးသို့ ဇီလန်စကီးအား ဖိတ်ကြားခြင်းမရှိဟု ဝါရှင်တန်ပို့စ်က ဖော်ပြ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ လာမည့်သီတင်းပတ်အတွင်း အမေရိကန်၌ ပြုလုပ်မည့် ထိပ်သီး အစည်း အဝေးသို့ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးအား ဖိတ်ကြား ထားခြင်း မရှိကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဆိုသည်။ 

ထရမ့်က ဩဂုတ်လ ၁၅ ရက်နေ့တွင် အလက်စကာပြည်နယ်၌ ပူတင်နှင့် တွေ့ဆုံမည်ဟု သောကြာနေ့ (ဩဂုတ် ၈) က ကြေညာခဲ့သည်။ ထိုကြေညာချက်အပြီး နာရီပိုင်းအတွင်း မီဒီယာအချို့က ဇီလန်စကီး တစ်နည်းနည်းဖြင့် ပါဝင်နိုင်ကြောင်း ဖော်ပြခဲ့ကြပြီး အမေရိကန် အိမ်ဖြူတော်အရာရှိကြီးတစ်ဦးကလည်း အစီအစဉ်မှာ အပြောင်းအလဲ ဖြစ်နိုင်သေးပြီး ဇီလန်စကီး ပါဝင်လာနိုင်ကြောင်း CBS သတင်းဌာနအား ပြောကြားခဲ့သည်။ 

သို့သော် ဝါရှင်တန်ပို့စ်က လတ်တလောတွင် ဇီလန်စကီးအား ဖိတ်ကြား ခြင်းမပြုခဲ့ကြောင်း ဖော်ပြခဲ့ပြီး Reuters သတင်းဌာနကလည်း အရင်း အမြစ်များကို ကိုးကား၍ အိမ်ဖြူတော်က ဇီလန်စကီးအား ဖိတ်ကြားရန် စဉ်းစားနေဆဲဖြစ်သော်လည်း လက်ရှိတွင် ရုရှား၏ တောင်းဆိုချက်အရ နှစ်နိုင်ငံချင်း တွေ့ဆုံမှုကိုသာ ဦးစားပေး စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။

ပူတင်က ဇီလန်စကီးနှင့် တွေ့ဆုံမှုကို ဖြစ်နိုင်ခြေရှိကြောင်း ပြောကြား ခဲ့သော်လည်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ထိုသို့သော ဆွေးနွေးပွဲ များအတွက် အခြေအနေများ မပြည့်စုံသေးကြောင်း အတိအလင်း ပြောဆို ခဲ့သည်။

ထရမ့်က ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကျိုးအတွက် နယ်မြေဖလှယ်မှုများ ပါဝင်နိုင်သည်ဟု အရိပ်အမြွက် ပြောခဲ့သော်လည်း ဇီလန်စကီးကယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားသည့်အတွက် မည်သည့် နယ်မြေလဲလှယ်မှုအဆိုကိုမဆို ပယ်ချကြောင်း ကြေညာခဲ့သည်။

ယခုနှစ်အစောပိုင်းက အိမ်ဖြူတော် Oval Office တွင်ဖြစ်ပွားခဲ့သော တင်းမာမှုများအရ ထရမ့်နှင့် ဇီလန်စကီးတို့၏ ဆက်ဆံရေး အဆင်မပြေ ဖြစ်ပေါ်ခဲ့သည့် အခြေအနေတွင် ဇီလန်စကီး၏ နယ်မြေလဲလှယ်မှုများကို စဉ်းစားရန် ငြင်းဆန်ခြင်းသည် ထရမ့်၏ ပြင်းထန်သောတုံ့ပြန်မှုကို ဖြစ်စေနိုင်ကြောင်း ဝါရှင်တန်ပို့စ်က သုံးသပ်ထားသည်။ ယခင်က ထရမ့် က ဇီလန်စကီးအား ညှိနှိုင်းရခက်သူအဖြစ် ရည်ညွှန်းဖော်ပြခဲ့ဖူးသည်။

ရုရှားဘက်က မည်သည့်ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကိုကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် က ဆန္ဒခံယူပွဲများအပြီး ရုရှားသို့ ပူးပေါင်းလိုက်သည့် ခရိုင်းမီးယား၊ ဒိုနက်စ်၊ လူဂန်စ်၊ ဇာပိုရီဇီးယား နှင့် ခါဆန်ဒေသများ၏ အခြေအနေ အပါအဝင် ပကတိမြေပြင်အခြေအနေများကို လက်ခံသုံးသပ်ရမည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂