အီရန်က အမေရိကန်၏ အာမေးနီးယား-အဇာဘိုင်ဂျန် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း အစီအစဉ်ကို ကန့်ကွက်

News Image

  • အီရန်က အမေရိကန်၏ အာမေးနီးယား-အဇာဘိုင်ဂျန် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း အစီအစဉ်ကို ကန့်ကွက်

အီရန်နိုင်ငံက အမေရိကန်ထောက်ခံသည့် အာမေးနီးယားမှတစ်ဆင့် အမေရိကန်က ထိန်းချုပ်မည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တည်ဆောက်ရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကာ ယင်း အစီ အစဉ်သည် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်မှုဖြစ်စေပြီး တီဟီရန် ၏ လုံခြုံရေးကို ထိခိုက်စေမည်ဟု သတိပေးလိုက်သည်။

ဩဂုတ် ၈ ရက်နေ့က အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan ၊ အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ဝါရှင်တန်တွင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးကာ Zangezur သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ဖွင့်လှစ်ရန် သဘော တူညီခဲ့ကြသည်။ အဆိုပါလမ်းကြောင်းသည် အဇာဘိုင်ဂျန် ပင်မကုန်းမြေ အပိုင်းနှင့် Nakhichevan ဒေသသို့ အာမေးနီးယား၏ တောင်ဘက်စွန်းရှိ အီရန်နယ်စပ်နှင့်ကပ်လျက်ရှိနေသော ကျဉ်းမြောင်းသည့် လမ်းကြောင်း မှတစ်ဆင့် ဆက်သွယ်ပေးမည် ဖြစ်သည်။

သဘောတူညီချက်အရ အမေရိကန်သည် အာမေးနီးယား၏ အချုပ်အခြာ အာဏာအောက်တွင် အဆိုပါ လမ်းကြောင်းကို နှစ် ၉၉ နှစ်ကြာ မြေငှား ရမ်းကာ စီမံခန့်ခွဲမည်ဖြစ်ပြီး တည်ဆောက်ရေးနှင့် လုပ်ငန်းလည်ပတ်မှု အတွက် ကုမ္ပဏီအစုအဖွဲ့တစ်ခုထံ ငှားရမ်းမည်ဖြစ်သည်။

တီဟီရန်က ယေရေဗန်နှင့် ဘာကူတို့ကြား ငြိမ်းချမ်းရေး သဘော တူညီချက်များကို ကြိုဆိုသော်လည်း အဆိုပါ လမ်းကြောင်းကို အမေရိကန် ထိန်းချုပ်မှုအောက်သို့ ထားရှိရန် "ပြင်းပြင်းထန်ထန်" ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အီရန်အရာရှိများက ထိုအစီအစဉ်သည် အီရန် နိုင်ငံကို အာမေးနီးယားနှင့် ဆက်သွယ်မှုပြတ်တောက်စေပြီး အခြားနိုင်ငံ များ၏ စစ်အခြေစိုက်စခန်းများနှင့် စီးပွားရေးအခြေစိုက်စခန်းများ ခွင့်ပြု ခြင်းဖြင့် တောင်ကော့ကေးဆပ်ဒေသ၏ တည်ငြိမ်မှုကို ထိခိုက်စေမည် ဟု ငြင်းဆိုထားသည်။

အီရန်၏ အကြီးအကဲ ခါမေနီ၏ အကြံပေးအကြီးတန်း Ali Akbar Velayati က အမေရိကန်နှင့် အစ္စရေးတို့၏ ပထဝီနိုင်ငံရေးအရ အာဏာသိမ်းရန် စီမံကိန်းတစ်ခုအဖြစ် အဆိုပါစီမံကိန်းကို သတ်မှတ်ပြီး အစ္စလာမ္မစ် သမ္မတ နိုင်ငံကို အားနည်းစေရန်၊ ကော့ကေးဆပ်နှင့် ၎င်း၏ဆက်သွယ်မှု ကို ဖြတ်တောက်ရန်နှင့် အီရန်နှင့် ရုရှားနှစ်နိုင်ငံလုံးကို နယ်မြေ နီးစပ်မှု အရကန့်သတ်ရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းက ဤသည်မှာနေတိုးမှ ထောက်ခံသော ပိုမိုကျယ်ပြန့်သည့် အစီအစဉ်၏ တစ်စိတ် တစ်ပိုင်း ဖြစ်ပြီး pan-Turkic လှုပ်ရှားမှုများကို ထောက်ခံခြင်းဖြင့် အနောက်တိုင်း ၏ အာရုံကို ယူကရိန်းမှ ကော့ကေးဆပ်သို့ ပြောင်းလဲရန် ဖြစ်သည်ဟု ဆိုသည်။

"ကော့ကေးဆပ်သည် ကမ္ဘာ့အထိခိုက်မခံနိုင်ဆုံး ပထဝီနိုင်ငံရေး အနေ အထားများထဲမှ တစ်ခုဖြစ်ပြီး အဆိုပါ ဆက်သွယ်မှုလမ်းကြောင်းသည်ထရမ့်၏ ပိုင်ဆိုင်မှုအောက်ရှိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခု မဟုတ်ဘဲ ၎င်း၏ ငှားရမ်းထားသော စစ်သားများအတွက် သင်္ချိုင်းတစ်ခု ဖြစ်လာမည်" ဟု Velayati က ပြောကြားခဲ့ပြီး ရုရှားသည်လည်း ထိုစီမံကိန်း ကို နိုင်ငံရေးမဟာဗျူဟာအရ ဆန့်ကျင်ကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။

မော်စကိုက တောင်ကော့ကေးဆပ်တွင် တည်ငြိမ်မှုနှင့် သာယာဝပြောမှု ရရှိရန်နှင့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ကြား ဆက်ဆံရေး ပုံမှန် ဖြစ်စေရန် အားထုတ်မှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက အကောင်းဆုံးဖြေရှင်းချက်များသည် ဒေသတွင်းနိုင်ငံများနှင့် ၎င်းတို့၏ အနီးဆုံးအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ရုရှား၊ အီရန်နှင့် တူရကီတို့မှ ပူးပေါင်း ဖော်ဆောင်သော ဖြေရှင်းချက်များဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

၎င်းက ၂၀၂၀ ပြည့်နှစ် နာဂိုရနို-ကာရာဘက်စစ်ပွဲအပြီး အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ရုရှားတို့ လက်မှတ်ရေးထိုးခဲ့သော သုံးနိုင်ငံ သဘော တူညီချက်များသည် အာဏာတည်နေဆဲဖြစ်ပြီး အဆိုပါ သဘော တူညီချက် သည် အရေးပါဆဲဖြစ်ပြီး ၁၉၉၂ ခုနှစ် စာချုပ်အရ အာမေးနီးယား-အီရန် နယ်စပ်ကို ရုရှားနယ်ခြားစောင့်တပ်များက ဆက်လက်စောင့်ကြပ်နေဆဲ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂