ယူကရိန်းနိုင်ငံသည် မည်သည့်ပုံစံဖြင့်ဖြစ်စေ စစ်ရေးရပ်စဲရေးကို သဘောတူကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးပြောကြား
အမေရိကန်ပြည်ထောင်စုရှိ ယူကရိန်းသံအမတ်ကြီးက ၎င်းတို့နိုင်ငံ အနေဖြင့် "မည်သည့်ပုံစံဖြင့်မဆို စစ်ရပ်စဲရေးကို လက်ခံကြောင်း" ပြောကြားခဲ့ပြီး ထရမ့်-ပူတင်ထိပ်သီးအစည်းအဝေး အောင်မြင်ရန်လည်း ဆုတောင်းပတ္ထနာပြုခဲ့သည်။
"သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပါလုပ်ဆောင်ချက်နှင့်အတူ ဆွေးနွေး နေဆဲဖြစ်သော ဒဏ်ခတ်အရေးယူမှုများနှင့် ထပ်ဆင့်ဒဏ်ခတ်မှုများက သမ္မတ ဗလာဒီမာ ပူတင်အား အဆိုပါစစ်ပွဲကို အဆုံးသတ်ရန် အချိန်တန် ပြီဖြစ်ကြောင်း ယုံကြည်စေမည်ဟု ကျွန်မတို့ အမှန်တကယ် မျှော်လင့် ပါသည်" ဟု အမေရိကန်ရှိ ယူကရိန်းသံအမတ်ကြီး အောက်ဆာနာ မာကာရိုဗာက ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းချက် တစ်ခုတွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ရုရှားတို့က သမ္မတ ထရမ့်နှင့် သမ္မတ ပူတင်တို့သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးရန် ဩဂုတ်လ ၁၅ ရက်နေ့တွင် အလက်စကာတွင် တွေ့ဆုံမည်ဟု အတည်ပြုပြောကြားပြီးနောက် မာကာရိုဗာက ထိုကြေညာချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇွန်လက ဂျနီဗာတွင် သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတ ပူတင်တို့ တွေ့ဆုံ ခဲ့သည့် နောက်ပိုင်း ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့၏ ပထမဆုံး ထိပ်သီးအစည်းအဝေးဖြစ်လာမည်ဖြစ်သည်။
ယူကရိန်းသံအမတ်ကြီးက စစ်ပွဲအဆုံးသတ်ရန် သမ္မတထရမ့်၏ ကြိုးပမ်းမှု များကို အသိအမှတ်ပြုခဲ့ပြီး အေးချမ်းရေးအတွက် ကြိုးပမ်းမှုများ ဆွေးနွေးရန် ဒုတိယသမ္မတ JD Vance ၏ ယခုလတ်တလော ဗြိတိန် ခရီးစဉ်ကိုလည်း ချီးကျူးခဲ့သည်။
"ယူကရိန်းနိုင်ငံသားအားလုံးက သမ္မတထရမ့်၏ အစည်းအဝေးသည် ထိရောက်ပြီး ကောင်းမွန်သောရလဒ်များရရှိစေရန် ဆုတောင်း နေကြ ပါသည်" ဟု သူမက ပြောကြားခဲ့သည်။ "ယူကရိန်းသည် အပြည့်အဝ စစ်ရပ်စဲရေး၊ တစ်စိတ်တစ်ပိုင်းစစ်ရပ်စဲရေး၊ မည်သည့်ပုံစံဖြင့်မဆို စစ်ရပ်စဲရေးကို သဘောတူပါသည်။"
ထိုနေ့တွင်ပြောကြားခဲ့သော မိန့်ခွန်းတွင် ယူကရိန်းသမ္မတ Volodymyr Zelensky က ၎င်း၏နိုင်ငံသည် အစစ်အမှန်ငြိမ်းချမ်းရေးကို အာမခံရန် အမေရိကန်နှင့် နေ့စဉ်ဆွေးနွေးနေကြောင်း ဖော်ပြခဲ့ပြီး စစ်ပွဲအဆုံးသတ် ရန် သမ္မတထရမ့်၏ စိတ်ပိုင်းဖြတ်မှုအတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
၎င်းကဆက်လက်ပြောကြားရာတွင် စစ်ပွဲကြာမြင့်နေသည်နှင့်အမျှ နေ့စဉ်လူများစွာသေဆုံးနေကြောင်း၊ ရုရှားသည် စစ်ပွဲကို ချက်ချင်း ရပ်တန့်ရန် မလိုလားကြောင်း စွပ်စွဲခဲ့သည်။ "ရုရှားသည် အမေရိကန်နှင့် ယူကရိန်းကို လှည့်စားရန် ရည်ရွယ်နေကြောင်း ကျွန်ုပ်တို့ နားလည် ပါသည်။ ယူကရိန်းသည် ထိုသို့ဖြစ်စေရန် ခွင့်မပြုပါ" ဟု သူက ပြောကြားခဲ့သည်။ "ယူကရိန်းလူမျိုးများသည် ရုရှား၏ သဘောထားကို ကောင်းစွာနားလည်ပါသည်။ ထို့ကြောင့်ပင် ယူကရိန်းလူမျိုးများသည် အလွန်ခက်ခဲသော အခြေအနေများတွင် သုံးနှစ်ကျော်ကြာ စစ်ပွဲကို ခံနိုင်ရည်ရှိခဲ့ခြင်းဖြစ်သည်။" ရုရှားဘက်မှ ဇီလန်စကီး ၏ ထုတ်ပြန်ချက် များကို အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်ခြင်းမပြုသေးပေ။
CNN က ဩဂုတ် ၉ ရက်တွင် အိမ်ဖြူတော်အရင်းအမြစ်တစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား၍ သမ္မတ ထရမ့်သည် အလက်စကာ တွင် ကျင်းပမည့် အမေရိကန်-ရုရှား ထိပ်သီးအစည်းအဝေးသို့ သမ္မတ ဇီလန်စကီး တက်ရောက်နိုင်သည့် အခွင့်အလမ်းကို ဖွင့်ထားဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ NATO ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Matthew Whitaker ကလည်း သမ္မတ ဇီလန်စကီးသည် အဆိုပါ အခမ်းအနားသို့ "လုံးဝတက်ရောက်နိုင်စွမ်းရှိပြီး" သမ္မတ ထရမ့် တွင် ဆုံးဖြတ်ချက်ချမှတ်ရန် "အချိန်ရှိသေးသည်" ဟု ပြောကြားခဲ့သည်။
သမ္မတ ထရမ့် က ယခင်က သမ္မတ ဇီလန်စကီး အပါအဝင် ပါဝင်သူ အချို့ သည် သုံးနှစ်ခွဲကြာ ပဋိပက္ခကို အဖြေရှာနိုင်မည့် သဘောတူညီမှု တစ်ခု နှင့် နီးစပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်း၏အဆိုအရ ထို သဘောတူညီမှုတွင် "နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို အထောက်အကူ ပြုမည့် နယ်မြေဖလှယ်မှုများ ပါဝင်မည်" ဖြစ်သည်။
သို့သော် သမ္မတ ဇီလန်စကီး က ယူကရိန်း၏ပါဝင်မှုမရှိဘဲ ဆုံးဖြတ်ချက် များသည် ငြိမ်းချမ်းရေးကို မဆောင်ကျဉ်းနိုင်ဟု အတိအလင်း ပြောကြားကာ နယ်မြေရပ်စဲမှုပြုလုပ်ရန် အလားအလာကို ပယ်ချခဲ့သည်။ ဩဂုတ် ၉ ရက်တွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ ဖင်လန်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌတို့က ပူးတွဲကြေညာချက် ထုတ်ပြန်၍ မည်သည့်သံတမန်ရေးအဖြေမဆို "ယူကရိန်းနှင့် ဥရောပ၏ လုံခြုံရေးအကျိုးစီးပွားကို အာမခံရမည်" ဟု ဖော်ပြခဲ့သည်။
တစ်ဖက်တွင် ရုရှား လုံခြုံရေးကောင်စီဒုဥက္ကဋ္ဌ Dmitry Medvedev က ဥရောပခေါင်းဆောင်များသည် အလက်စကာထိပ်သီးအစည်းအဝေးကို ဖျက်ဆီးနေသည်ဟု စွပ်စွဲခဲ့သည်။ အထူးသဖြင့် ဥရောပသမဂ္ဂ (EU) က ဝါရှင်တန်အား သမ္မတ ဇီလန်စကီး ကို အခမ်းအနားသို့ ဖိတ်ကြားရန် တိုက်တွန်းခဲ့သည့်အတွက် ဖြစ်သည်။ "ဥရောပသားများသည် ယူကရိန်း ပဋိပက္ခကို အမေရိကန်က အဖြေရှာရန် ကြိုးပမ်းမှုကို ဟန့်တား နေသည်" ဟု Medvedev က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂