ထိုင်းအစိုးရက နယ်စပ်နေပြည်သူများအတွက် အိမ်အသစ်များထောက်ပံ့
ထိုင်းအစိုးရသည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရသည့် အိမ်များအတွက် ယူဘွန်ရာဇဌာနီပြည်နယ်၊ နမ်ယွမ်ခရိုင်ရှိ နေထိုင်သူများအား အသင့်နေ အိမ်များကို စတင်ဖြန့်ဖြူးပေးလျက်ရှိသည်။ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ Phumtham Wechayachai က တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် နယ်စပ်တစ်လျှောက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များနှင့် ဒေသခံများ၏ အခက်အခဲများကို ဖြည့်ဆည်းရန် တရားရေး ဝန်ကြီး Tawee Sodsong နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theerarat Samrejvanich တို့အား တာဝန်ပေးအပ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ နမ်ယွမ်ခရိုင်တွင် ပြုလုပ်ခဲ့သည့် အစောပိုင်းစစ်တမ်းအရ ပဋိပက္ခ ကာလအတွင်း နေအိမ်ပေါင်း ၈၀ ကျော် ပျက်စီးခဲ့ကြောင်း တွေ့ရှိ ရသည်။
အဆိုပါလုပ်ငန်း၏ ပထမအဆင့်အနေဖြင့် အစိုးရသည် Moo 5 ကျေးရွာရှိ နေထိုင်သူများအတွက် အဆောက်အဦအစိတ်အပိုင်းများဖြင့် ပြုလုပ်ထား သော အိမ် ၁၁ လုံး တည်ဆောက်ပေးခဲ့ပြီး ၎င်းတို့အနက် ၄ လုံးကို ထိခိုက် ခံစားခဲ့ရသည့် ကျေးရွာသားများထံ ပေးအပ်ခဲ့ကြောင်း Phumtham က ပြောကြားခဲ့သည်။ အိမ်တစ်လုံးစီသည် လူ ၂ ဦးမှ ၅ ဦးအထိ နေထိုင် နိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ကူညီရန် ယူဘွန်ရာဇဌာနီ ဗဟိုအကျဉ်းထောင်မှ စည်းကမ်းလိုက်နာသူ အကျဉ်းသားများအား ပျက်စီး နေသော အိမ်များကို ပြုပြင်ရန်နှင့် ဖျက်သိမ်းရန် အကူအညီတောင်းခံ ခဲ့ပြီး ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွက် ပံ့ပိုးကူညီနိုင်စေရန် အခွင့် အလမ်းဖန်တီးပေးခဲ့သည်။
အဆိုပါကြေညာချက်သည် Phumtham ၏ စနေနေ့ (ဩဂုတ် ၉) က Surin သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်းသည် Rajamangal University of Technology ရှိ ရွှေ့ပြောင်း နေထိုင်ရသူ များအတွက် ခိုလှုံရာနေရာကို သွားရောက်လည်ပတ်ခဲ့ပြီး Surin ၊ Si Sa Ket ၊ Buri Ram နှင့် Ubon Ratchathani တို့မှ အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။
Phumtham သည် အုပ်ချုပ်ရေးမှူးများအား ရွှေ့ပြောင်းနေထိုင်ရသူများ ပြန်လည်နေထိုင်နိုင်ရေး၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုများကို အကဲဖြတ်ရေး၊ ထိခိုက် ခံစားရသူများအတွက် လျော်ကြေးငွေများ အမြန်ဆုံးပေးအပ်ရေး နှင့် လုံခြုံရေးလုပ်အားပေးသူများအတွက် ထောက်ပံ့ကြေးများ ပေးအပ်ရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် ၎င်းသည် စစ်ဒေသ ၂ အား Si Sa Ket တွင် မြေမြှုပ်မိုင်းများကြောင့် ဒဏ်ရာရခဲ့သည့် စစ်သားများ၏ အခြေအနေကို နီးကပ်စွာ စောင့်ကြည့်ရန် အမိန့်ပေးခဲ့သည်။
ယာယီဝန်ကြီးချုပ်ဖြစ်သူက နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယား ထံ ကန့်ကွက်စာပေးပို့ခဲ့ပြီး ဖနွမ်းပင်အား မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်း တွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
သီးသန့်အနေဖြင့် ထိုင်းလေကြောင်းလိုင်းအာဏာပိုင်အဖွဲ့သည် ဒရုန်း များ အသုံးပြုမှုဆိုင်ရာ ယာယီတားမြစ်ချက်များကို လျှော့ချပေးခဲ့သည်။ တနင်္လာနေ့ (ဩဂုတ် ၁၁) မှစတင်၍ လယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ငန်းများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စစ်ဆေးရန်အတွက် ဒရုန်း များကို တင်းကျပ်သော စည်းမျဉ်းများအောက်တွင် ပြန်လည်အသုံးပြုနိုင် မည်ဖြစ်သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂