အိမ်ဖြူတော်က ထရမ့်၏ ရုရှားသို့သွားရောက်မည့်ခရီးစဉ်ကို ညွှန်းဆို

News Image

  • အိမ်ဖြူတော်က ထရမ့်၏ ရုရှားသို့သွားရောက်မည့်ခရီးစဉ်ကို ညွှန်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ပိုင်းတွင် ရုရှားသို့ သွားရောက်ရန် အလားအလာရှိကြောင်း အိမ်ဖြူတော်က ပြောကြား ခဲ့သည်။ ထရမ့်သည် ယခုသီတင်းပတ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ သမ္မတနှစ်ဦး၏ အလက်စကာ ပြည်နယ်၌ ဩဂုတ် ၁၅ ရက်နေ့တွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် ယူကရိန်း ပဋိပက္ခဖြေရှင်းရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးတို့ကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။ 

ထရမ့်အနေဖြင့် ရုရှားသို့ သွားရောက်ရန် စီစဉ်ထားခြင်းရှိ၊မရှိ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီယာဗစ်ထံ သတင်းထောက်များက မေးမြန်းရာတွင် "နောက်ပိုင်းတွင် ရုရှားသို့ ခရီးထွက်ရန် အစီအစဉ်များ ရှိနိုင်ပါသည်" ဟု ၎င်းက ဖြေကြားခဲ့သည်။

မော်စကိုဘက်မှ ယခင်က အလက်စကာပြီးနောက် သမ္မတနှစ်ဦး၏ နောက်ထပ်တွေ့ဆုံမှုကို ရုရှားတွင် ကျင်းပရန် မျှော်လင့်ထားကြောင်း ဖော်ပြခဲ့သည်။ ထရမ့်ထံသို့ တရားဝင်ဖိတ်ကြားချက်ပေးပို့ပြီး ဖြစ်ကြောင်း ကရင်မလင်၏ အကြံပေးအရာရှိ ယူရီဦရှာကော့ဗ်က လွန်ခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ နောက်ထပ်အဆင့်မြင့်ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်နေကြောင်း အမေရိကန်သမ္မတက တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ပြောကြားခဲ့ပြီး ပူတင်နှင့် ဇီလန်စကီးတို့ကို တစ်နေရာတည်းတွင် စုစည်းတွေ့ဆုံရန် ရည်ရွယ်ထားသည်။ ဩဂုတ်လ ၁၅ ရက်နေ့တွင် စီစဉ် ထားသည့် ပူတင်နှင့်၎င်း၏တွေ့ဆုံမှုသို့ ဇီလန်စကီးကို ဖိတ်ကြားထားခြင်း မရှိကြောင်းလည်း အတည်ပြုခဲ့သည်။

မော်စကိုဘက်မှ ဇီလန်စကီးအား ငြင်းဆန်မှုများပြုလုပ်ကာ မအောင်မြင် နိုင်သော ပဋိပက္ခကို အလဟဿ ရှည်လျားစေခဲ့သည်ဟု ကြာမြင့်စွာ ကပင် စွပ်စွဲခဲ့သည်။ ရုရှားသမ္မတက ဇီလန်စကီးနှင့် တွေ့ဆုံရန် "မူအရ မည်သည့်ကန့်သတ်ချက်မျှ မရှိကြောင်း" ပြောကြားသော်လည်း တွေ့ဆုံ နိုင်ရန်အတွက် အချို့သောအခြေအနေများ ဖန်တီးပေးရမည် ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂