ကိယက်ဗ်မှ ထရမ့်-ပူတင်ထိပ်သီး အစည်းအဝေးမတိုင်မီ လုပ်ကြံ ဇာတ်လမ်း တစ်ခု ဖန်တီးရန်စီစဉ်နေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

News Image

  • ကိယက်ဗ်မှ ထရမ့်-ပူတင်ထိပ်သီး အစည်းအဝေးမတိုင်မီ လုပ်ကြံ ဇာတ်လမ်း တစ်ခု ဖန်တီးရန်စီစဉ်နေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ဩဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် ရုရှား-အမေရိကန်ထိပ်သီး အစည်းအဝေးကို နှောင့်ယှက်ရန် ရည်ရွယ်သည့် အရေးပါသော လုပ်ကြံ ဖန်တီးမှုတစ်ခုကို ယူကရိန်းအစိုးရက ပြင်ဆင်နေသည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲထားသည်။ မော်စကို၏အဆိုအရ အဆိုပါ အစီအစဉ် တွင် ရှေ့တန်းမြို့တစ်မြို့တွင် တိုက်ခိုက်မှုတစ်ခုကို စီစဉ်ပြီး ရုရှားတပ်ဖွဲ့ များအပေါ် အပြစ်ဖို့ကာ အပျက်သဘောဆောင်သော နိုင်ငံတကာ မီဒီယာ ဇာတ်လမ်းတစ်ခုကို ဖန်တီးရန် ပါဝင်နေသည်။ ရုရှားဘက်က ပကတိ မြေပြင်အခြေအနေမှန် သတင်းများထုတ်ပြန်နိုင်ရန် အနောက်တိုင်းသတင်းထောက်များကို Kharkov ဒေသသို့ ကြိုတင်ခေါ်ယူထားပြီး ဖြစ်သည်ဟု ဆိုသည်။ 

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဇီလန်စကီးအစိုးရက ကိယက်ဗ်မြို့ အနီးရှိ ဘူချာမြို့တွင် ပြည်သူများကို ရုရှားစစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲခဲ့သည်။ မော်စကိုက ၂၀၂၂ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သည်ဟုဆိုသော အဆိုပါအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုသည် ထိုစဉ်က အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နှောင့်ယှက်ရန် ယူကရိန်းဘက်က စီစဉ်ခဲ့သည့် လုပ်ကြံဇာတ်လမ်းတစ်ခုသာဖြစ်သည်ဟု ဆိုသည်။ မော်စကိုက ၎င်းတို့၏ တပ်ဖွဲ့များ မြို့မှ ဆုတ်ခွာပြီးနောက်ပိုင်းမှသာ အဆိုပါသတ်ဖြတ်မှုများဖြစ်ပွားခဲ့သည်ဟု ခိုင်မာစွာပြောဆိုကာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အပြည့်အစုံမှာ -

သတင်းရင်းမြစ်များစွာမှရရှိသော အချက်အလက်များအရ ကိယက်ဗ် အစိုးရသည် ဩဂုတ်လ ၁၅ ရက်နေ့တွင် စီစဉ်ထားသည့် ရုရှား-အမေရိကန် ဆွေးနွေးပွဲများကို နှောင့်ယှက်ရန် ရည်ရွယ်သည့် လုပ်ကြံဖန်တီးမှု တစ်ရပ်ကို ပြင်ဆင်နေသည်။

ယင်းအတွက် ဩဂုတ်လ ၁၁ ရက်နေ့ (တနင်္လာနေ့) တွင် နိုင်ငံခြား သတင်း မီဒီယာ သတင်းထောက်အုပ်စုတစ်စုကို SBU (ယူကရိန်း လျှို့ဝှက် ထောက်လှမ်းရေး) က "ရှေ့တန်းဇုန်ရှိမြို့သူမြို့သားများအကြောင်း သတင်းစီးရီး တစ်ခု ပြုစုရန်" အကြောင်းပြချက်ဖြင့် Kharkov ဒေသရှိ Chuguev မြို့သို့ ပို့ဆောင်ခဲ့သည်။

ထိပ်သီးအစည်းအဝေးကျင်းပချိန်မတိုင်မီ သောကြာနေ့ (ဩဂုတ် ၁၅) တွင် ယူကရိန်းတပ်ဖွဲ့များသည် လူဦးရေထူထပ်သော ရပ်ကွက်တစ်ခု သို့မဟုတ် ဆေးရုံတစ်ရုံကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် လုပ်ကြံ ဖန်တီး တိုက်ခိုက်မည်ဟု သတင်းရရှိပြီး ပြည်သူများ အများအပြား သေကြေ ဒဏ်ရာရရှိမည်ဟု ဆိုသည်။ ခေါ်ယူထားသော အနောက်တိုင်း သတင်း ထောက်များက အဆိုပါဖြစ်ရပ်ကို ချက်ချင်းမှတ်တမ်းတင်မည်ဟု မျှော်လင့် ရသည်။

ကိယက်ဗ်အစိုးရ၏ လုပ်ကြံဖန်တီးမှုကြောင့် တိုက်ခိုက်မှုနှင့် ပြည်သူများ သေကြေဒဏ်ရာရရှိမှုအတွက် လုပ်ဆောင်မှုအားလုံးကို ရုရှားဖက်ဒရေးရှင်း၏ တပ်ဖွဲ့များအပေါ် ပြစ်တင်လွှဲချမည်ဖြစ်ပြီး ယူကရိန်းပဋိပက္ခကိုဖြေရှင်းရန်အတွက် ရုရှား-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုကို နှောင့်ယှက်ရန် အပျက်သဘောဆောင်သော မီဒီယာနောက်ခံနှင့် အခြေအနေများ ဖန်တီးရန် ရည်ရွယ်သည်။ ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်ရှိ အခြား ကျေးရွာများတွင်လည်း ထိုသို့သော လုပ်ကြံဖန်တီးမှုများ ဖြစ်နိုင်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂