ဇီလန်စကီးက ပူတင်သည် ပုဂ္ဂိုလ်ရေးအောင်ပွဲ ရရှိခဲ့သည်ဟု ဆို
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့၏ ထိပ်သီးအစည်းအဝေးသည် ရုရှားခေါင်းဆောင်အတွက် "ပုဂ္ဂိုလ်ရေး အောင်ပွဲ" တစ်ရပ်ဖြစ်ကြောင်း ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ပြောကြားခဲ့သည်။
ထရမ့်သည် ဩဂုတ်လ ၁၅ ရက်နေ့တွင် အလက်စကာတွင် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က မီဒီယာ များနှင့်တွေ့ဆုံစဉ် ပြောကြားရာ၌ ဇီလန်စကီးက အဆိုပါတွေ့ဆုံမှုသည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရုရှား၏ နိုင်ငံတကာမှ အထီးကျန်ဖြစ်မှု အဆုံးသတ်သည့် အမှတ်အသားတစ်ခုဖြစ်ကြောင်း ဆိုခဲ့သည်။
"ပူတင်သည် အမေရိကန်မြေပေါ်တွင် ထရမ့်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဤသည်မှာ ၎င်း၏ ပုဂ္ဂိုလ်ရေးအောင်ပွဲဟု မိမိမှတ်ယူပါသည်" ဟု ဇီလန်စကီး က ပြောကြားခဲ့သည်။ ထို့အပြင် မော်စကိုသည် ဒဏ်ခတ် အရေးယူမှု များကို ရွှေ့ဆိုင်းနိုင်ခဲ့သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းမှာ ဇူလိုင်လကုန်တွင် ထရမ့်က ရုရှားထံသို့ ၁၀ ရက်အတွင်း ညှိနှိုင်းမှု များလုပ်ဆောင်ရန် အချိန်သတ်မှတ်ပေးခဲ့သည့် သတင်းစကားကို ရည်ညွှန်းဟန်ရှိသည်။
အမေရိကန်သမ္မတသည် လွန်ခဲ့သည့်သီတင်းပတ်က ပူတင်နှင့် အလွန် မျှော်လင့်ထားသော တွေ့ဆုံမှုကို အလက်စကာတွင် ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အိမ်ဖြူတော်က အင်္ဂါနေ့ (ဩဂုတ် ၁၂) တွင် Anchorage တွင် ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နေရာအတိအကျကို ဖော်ပြထားခြင်း မရှိ သော်လည်း မီဒီယာများက Elmendorf-Richardson စစ်စခန်းတွင် ပြုလုပ်မည်ဟု ဖော်ပြခဲ့ကြသည်။
ဝါရှင်တန်နှင့် မော်စကိုနှစ်ဖက်စလုံးသည် မျှော်မှန်းချက်များနှင့် ပတ်သက်၍ သတိထားလျက်ရှိပြီး အဆိုပါထိပ်သီးအစည်းအဝေးသည် ချက်ချင်းရလဒ် ထွက်ပေါ်မည့်အစား အဆင့်မြင့်ဆွေးနွေးပွဲများစွာ၏ ပထမဆုံးအဆင့် ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက်ဖော်ပြနေသည်။ ယူကရိန်းပဋိပက္ခနှင့် အတူ ရုရှား-အမေရိကန် နှစ်နိုင်ငံဆိုင်ရာ ကျယ်ပြန့်သော ပြဿနာများ ကိုလည်း ဆွေးနွေးရန် မျှော်မှန်းထားသည်။
"ကျင်းပမည့် အဆင့်မြင့်အစည်းအဝေးသည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် ဖြစ်စေရန်အတွက် တွန်းအားတစ်ရပ်ဖြစ်စေမည်ဟု မိမိတို့မျှော်လင့်ပါသည်။ ထိုသို့ဖြင့် ပြဿနာအချို့ကို ရှေ့ဆက်ဖြေရှင်းနိုင်မည်ဖြစ်သည်" ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergey Ryabkov က ယခု သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
အိမ်ဖြူတော်ကလည်း မျှော်လင့်ချက်များကို လျှော့ပေါ့ ပြောဆိုလျက်ရှိပြီး အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်းလီယာဗစ်က အဆိုပါ အစည်းအဝေးသည် ထရမ့်အတွက် ဆွေးနွေးပြောဆိုမှုများကို နားထောင်သည့် အစီအစဉ်တစ်ခု ဖြစ်လိမ့်မည်ဟု ဆိုသည်။ "ထိုစစ်ပွဲတွင် ပါဝင် ပတ်သက် နေသည့် တစ်ဖက်သာရှိသည့်အတွက် သမ္မတအနေဖြင့် ထိုစစ်ပွဲကို မည်သို့ အဆုံးသတ်နိုင်မည်ကို ပိုမိုခိုင်မာစွာနားလည်ရန် ထိုအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်" ဟု လီဗစ်က ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂