မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်း နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

News Image

  • မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်း နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

12 August 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါ သည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အနိမ့်)မှ အလယ်တန်းပြကာယဆရာဖြစ်သူ မြင်းခြံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဦးကျော်ရင်(၃၀)နှစ်အား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးကျော်ရင်သည် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့် မွမ်းမံသင်တန်းသို့ တက်ရောက်ရန် ဩဂုတ် ၇ ရက်တွင် မြင်းခြံမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့် လိုက်ပါသွားခဲ့ရာ တောင်သာမြို့နယ်၊ ညောင်တိုကျေးရွာလမ်းခွဲအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါမော်တော်ယာဉ်အား တားဆီးစစ်ဆေးကာ ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

 အလားတူ ဩဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ညောင်တိုကျေးရွာလမ်းခွဲအနီး၌ အမျိုးသမီး တစ်ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဒေါ်သင်းသင်းခိုင်(ခ)မိမိလေး(၅၁)နှစ်သည် ဩဂုတ် ၈ ရက်တွင် နေပြည်တော်မှ မြင်းခြံမြို့သို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့် လိုက်ပါလာစဉ် တောင်သာမြို့နယ်၊ ညောင်တိုကျေးရွာလမ်းခွဲအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါမော်တော်ယာဉ်အား တားဆီးစစ်ဆေးကာ ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်းများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA