ပြန်ပေးမှု ၊ လုယက်မှုများကြောင့် မန္တလေးတွင် ညဦးပိုင်း အပြင်မထွက်ဖို့ လူငယ်များအချင်းချင်း သတိပေးမှုများရှိလာနေ
ပြန်ပေးဆွဲမှု၊ လုယက်မှုများ ဖြစ်ပေါ်ထားသည့် မန္တလေးမြို့တွင် ညဦးပိုင်းကစပြီး လူငယ်များ အပြင်မထွက်ကြရန် လူငယ်များအချင်းချင်း သတိပေးမှုများရှိလာနေကြောင်း သိရသည်။
“ကြားတယ်၊ အိမ်ကလည်း စိုးရိမ်နေတယ်။ မနေ့ကဆို သိပ္ပံလမ်းမကြီးပေါ်မှာတောင် ပြန်တဲ့လူ သိပ်မရှိတော့ဘူး၊ သတိထားသွားလာနေကြရတယ်”ဟု မန္တလေးမြို့ခံလူငယ်တစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
မန္တလေးမြို့ပေါ်၌ အခုရက်ပိုင်း လူပျောက်မှုများအပြင် ခိုးမှု၊ လုယက်မှု၊ ဓါးပြတိုက်မှုများလည်း ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် မြို့ခံများသည်လည်း စိုးရိမ်ပူပန်နေကြကြောင်း အထက်ပါဒေသခံကပင် ဆိုသည်။
အဆိုပါ အဖြစ်အပျက်များကြောင့် အချို့သော ဆိုင်များ၊ အရောင်းဆိုင်များသည်လည်း (၆)နာရီခွဲမတိုင်ခင် ရုံးစောဆင်းပေးနေပြီး အိမ်ကိုသာစောစောပြန်ကြရန် တိုက်တွန်းမှုများလည်း ပြုလုပ်နေသည်ဟုလည်း သိရသည်။
လတ်တလောတွင် မန္တလေးမြို့ပေါ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်မှ ကျပ်သိန်း (၃၀,၀၀၀) ကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ဓါးပြတိုက်ခံခဲ့ရမှုနှင့် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲကာ သတ်ဖြတ်မှု ဖြစ်စဉ်တို့ကြောင့် မန္တလေးမြို့၏ လုံခြုံရေးမှာ မေးခွန်းထုတ်စရာအခြေအနေဖြစ်နေပြီး မြို့ခံပြည်သူများ၏ စိုးရိမ်ထိတ်လန့်မှုရေချိန်မှာလည်း မြင့်သထက် မြင့်တက်လာနေသည်။
Source: Popular Journal