အိန္ဒိယနိုင်ငံက 'Sudarshan Chakra' ကိုတည်ဆောက်မည်ဟု ဝန်ကြီးချုပ်မိုဒီပြော
အိန္ဒိယနိုင်ငံအနေဖြင့် 'Sudarshan Chakra' ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဩဂုတ်လ ၁၅ ရက်တွင်ပြောသည်။
'Sudarshan Chakra' ဆိုသည်မှာပြည်သူများနှင့် နိုင်ငံ၏ အခြေခံအဆောက်အအုံများကို ရန်သူ သို့မဟုတ် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုမှကာကွယ်နိုင် ရေးအတွက် အဆင့်မြင့် ထောက်လှမ်းရေး စနစ်၊ ဆိုက်ဘာကာကွယ်ရေးစနစ်၊ ရုပ်ပိုင်း ဆိုင်ရာကာကွယ်ရေးစနစ်တို့ကိုပေါင်းစပ်ထားသည့် အလွှာပေါင်းစုံပါဝင်သော ကာကွယ်ရေးစနစ်ဖြစ်ကြောင်း၊ အနီးစပ်ဆုံး ဥပမာပေး ရမည်ဆိုလျှင် အစ္စရေးနိုင်ငံ၏ သံကွန်ချာစနစ်၊ အမေရိကန်၏ရွှေကွန်ချာ စနစ်တို့နှင့် အလားသဏ္ဌာန် တူကြောင်း ဩဂုတ်လ ၁၅ ရက်တွင်ကျရောက်သော အိန္ဒိယနိုင်ငံ၏ (၇၉)နှစ်မြောက် လွတ်လပ် ရေးနေ့စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် မိုဒီကထည့်သွင်းပြောထားခြင်းဖြစ်သည်။
လက်ရှိ အိန္ဒိယနိုင်ငံတွင် ပေါင်းစပ်လေကြောင်းကွပ်ကဲမှုနှင့်ထိန်းချုပ်ရေးစနစ်ရှိပြီးဖြစ်ကြောင်း၊ ထိုစနစ်က မကြာသေးမီက လုပ်ဆောင်ခဲ့သည့် ဆင်းဒူးစစ်ဆင်ရေး၌ ပါကစ္စတန်မှ ပစ်ခတ်သော ဒုံးကျည်များကို ကာကွယ်နိုင်ခဲ့ကြောင်း၊ သို့သော် ယခုအကောင်အထည်ဖော်မည့်စနစ်သည် ဒုံးကျည်ကာကွယ်ရေးစနစ်ထက် ပိုမိုကျယ် ပြန့်ကြောင်း၊ 'Sudarshan Chakra' စနစ် ကြီးတစ်ခုလုံးအတွက် သုတေသနပြုမှု၊ တိုးတက်အောင်ဆောင်ရွက်မှု၊ ထုတ်လုပ်မှုတို့ကို အိန္ဒိယနိုင်ငံ၌ပင် အကောင်အထည် ဖော်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံသားတိုင်းအနေဖြင့် ကာကွယ်မှုပေးခံထားရသည်ဟူသော စိတ်လုံခြုံမှုကိုရရှိစေမည် ဖြစ်ကြောင်း မိုဒီကပြောထားသည်။ ယင်းစနစ်သည် ကာကွယ်မှုသာမက တိကျမှုရှိ သောတန်ပြန်တိုက်ခိုက်မှုနှင့် ဆိုက်ဘာ စစ်ဆင်ရေးများကိုပါ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
Ref: NDTV
MWD