ကင်ဂျုံအန်က မြောက်ကိုရီးယား၏ နျူကလီးယား စွမ်းရည်များ မြှင့်တင်ရန် ညွှန်ကြား
ကင်ဂျုံအန်က အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများကို ရန်စသည့်လုပ်ဆောင်မှုများဖြစ်သည်ဟု ဝေဖန်ကာ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်စွမ်းရည်များ အလျင်အမြန်မြှင့်တင်ရန် ညွှန်ကြား လိုက်သည်။
"အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်လာခြင်းနှင့် စစ်အင်အားပြမှုများသည် စစ်မီးမွှေးရန် ရည်ရွယ်ချက် ကို ရှင်းရှင်းလင်းလင်း ပြသလျက်ရှိသည်။ လက်ရှိအခြေအနေတွင် မိမိ တို့အနေဖြင့် စစ်ရေးသီအိုရီနှင့် လက်တွေ့လုပ်ဆောင်မှုများကို အခြေခံ ကျစွာ ပြောင်းလဲရန်နှင့် နျူကလီးယားလက်နက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ်နေပါသည်" ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ကင်ဂျုံအန်သည် မြောက်ကိုရီးယား၏ ခေတ်အမီဆုံး Choe Hyon-class ဖျက်သင်္ဘောကို စစ်ဆေးကြည့်ရှုစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသင်္ဘော၏ လက်နက်စနစ်များနှင့်ပတ်သက်သည့် အချက်အလက် များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ "နျူကလီးယား ထိပ်ဖူးတပ်ဆင်ထားသော လက်နက်များဖြင့် တပ်မတော်ကို အဆင့်မြင့် နည်းပညာတပ်ဖွဲ့အဖြစ် ပြောင်းလဲရန် အဓိကလုပ်ငန်းစဉ်များ အစီအစဉ် အတိုင်း ရှေ့ဆက်လျက်ရှိကြောင်း" ကင်က သင်္ဘောကိုစစ်ဆေးစဉ် ဂုဏ်ယူစွာဖြင့် မှတ်ချက်ပြုခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ဩဂုတ် ၁၈ ရက်တွင် မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ကာကွယ်ရန်ရည်ရွယ်သည့် နှစ်စဉ် ပူးပေါင်းစစ်လေ့ကျင့်မှု "Ulchi Freedom Shield" ကို စတင်ခဲ့သည်။ အဆိုပါလေ့ကျင့်မှုသည် ၁၁ ရက်ကြာမြင့်မည်ဖြစ်ကာ လက်နက်ကြီးများ အသုံးပြုသည့် လေ့ကျင့်မှုများပါဝင်မည်ဟု အမေရိကန်စစ်တပ်ကထုတ်ပြန်ခဲ့ပြီး ယင်းလေ့ကျင့်မှုကို ကာကွယ်ရေးသဘော သက်ရောက်သည့် လေ့ကျင့်မှုအဖြစ် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် အမေရိကန်-တောင်ကိုရီးယား ပူးပေါင်းစစ်လေ့ကျင့်မှု များကို ကျူးကျော်စစ်အတွက် အကြိုလေ့ကျင့်မှုများအဖြစ် ပုံမှန် ဝေဖန် လေ့ရှိပြီး လက်နက်စမ်းသပ်မှုများဖြင့် တုံ့ပြန်မှုပြုလုပ်လေ့ရှိသည်။
ယခုနှစ်လေ့ကျင့်မှုများသည် ၂၀၂၄ ခုနှစ်ကကဲ့သို့ပင် အရွယ်အစား တူညီ သော်လည်း တောင်ကိုရီးယားသမ္မတ Lee Jae-myung က မြောက်ကိုရီးယား နှင့် တင်းမာမှုလျှော့ချရန် ရည်ရွယ်ချက်ဖြင့် လေ့ကျင့်ခန်းအစီအစဉ် ၄၀ အနက် ၂၀ ကို စက်တင်ဘာလသို့ ရွှေ့ဆိုင်းထားသည်။ ဇွန်လတွင် တာဝန် စတင်ရယူပြီးနောက် သမ္မတ Lee Jae-myung သည် မြောက်ကိုရီးယား နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် ကြိုးပမ်းလျက်ရှိပြီး ၎င်းသည် သမ္မတဟောင်း Yoon Suk-yeol ၏ မူဝါဒနှင့် ကွဲပြားစွာ ကျင့်သုံးလျက် ရှိသည်။ သို့သော် မြောက်ကိုရီးယားက ယခုအချိန်ထိ အဆိုပါ ချဉ်းကပ်မှု ကို မယုံကြည်ဘဲ ဆိုးလ်၏ကမ်းလှမ်းချက်များကို ငြင်းဆန်လျက်ရှိသည်။
သမ္မတ Lee Jae-myung က ဩဂုတ် ၁၅ ရက်တွင် မြောက်ကိုရီးယား၏ နိုင်ငံရေးစနစ်ကို လေးစားမည်ဖြစ်ကြောင်းနှင့် စစ်ရေးယုံကြည်မှု တည်ဆောက်ရန် ကတိပြုခဲ့သည်။ သို့သော် ကင်ဂျုံအန်၏ညီမဖြစ်သူ မြောက်ကိုရီးယား၏ အဆင့်မြင့်နိုင်ငံခြားရေးမူဝါဒအရာရှိ Kim Yo-jong က အမြဲပြောကြား ခဲ့သည်မှာ ပြုံယမ်းသည် တောင်ကိုရီးယားနှင့် ဆက်ဆံရေးတိုးတက်ရန် ရည်ရွယ်ချက်မရှိဟူ၍ ဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂