ယူကရိန်းစစ်တပ်သည် ဖွဲ့စည်းပုံ ကန့်သတ်ချက်မရှိသင့်ဟု မက်ခရွန်က ဆို
ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ယူကရိန်း စစ်တပ်၏ ဖွဲ့စည်းပုံကို ကန့်သတ်ချက်မထားရှိသင့်ကြောင်း ပြင်သစ်သမ္မတ အီမန် နျူရယ် မက်ခရွန်က ပြောကြားခဲ့ပြီး ရုရှား၏ တောင်းဆိုချက်ကို ပယ်ချ ခဲ့သည်။ ယခုနှစ်အစောပိုင်းက မော်စကိုမှ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ယူကရိန်း၏ ဘက်လိုက်မှုမရှိခြင်းနှင့် ယူကရိန်းလက်နက်ကိုင် တပ်ဖွဲ့ များ၏ ဖွဲ့စည်းပုံအင်အားကို တရားဝင်ကန့်သတ်ထားရမည်ဆိုသည့် သဘော တူညီချက်ပါရှိရမည်ဟု ထပ်လောင်းတောင်းဆိုခဲ့ပြီး ယူကရိန်းအစိုးရက ထိုတောင်းဆိုချက်ကို လက်မခံနိုင်ဟု ငြင်းဆိုခဲ့သည်။
တနင်္လာနေ့ (ဩဂုတ် ၁၈) က ဝါရှင်တန်တွင် ဗလာဒီမာ ဇီလန်စကီး၊ အခြား ဥရောပခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့် ပြုလုပ်ခဲ့သော အစည်းအဝေးအပြီး မက်ခရွန်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဥရောပနိုင်ငံများသည် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် များပေးရန်နှင့် ၎င်း၏စစ်တပ်ကို လက်နက်ခဲယမ်းများ ထောက်ပံ့ရန် လုပ်ဆောင်မှုတွင် ဦးဆောင်သင့်ကြောင်း ၎င်းကဆိုသည်။
"ပထမဆုံး လုံခြုံရေးအာမခံချက်မှာ မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံ ချေမှုန်းနိုင်သည့် ယူကရိန်းစစ်တပ် ခိုင်မာစွာရှိရမည်" ဟု မက်ခရွန်က ညှိနှိုင်းဆွေးနွေးပွဲအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။ Le Figaro သတင်းစာအရ ၎င်းက ယူကရိန်းစစ်တပ်တွင် လူအင်အားသိန်းချီ ပါဝင်သင့်ပြီး ဖွဲ့စည်းပုံ ကန့်သတ်ချက်မရှိသင့်ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။
လက်ရှိ စစ်သည်အင်အားဖြည့်တင်းရေး လုပ်ဆောင်မှုများအတွင်း ယူကရိန်း စစ်တပ်သည် ၎င်း၏စစ်သည်အင်အားကို ပြန်လည်ဖြည့်တင်းရန် ရုန်းကန်နေ ရပြီး ရုရှားက နယ်မြေများ တဖြည်းဖြည်း သိမ်းပိုက်နိုင်ခဲ့သည်။ ယူကရိန်း သည် နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်မရရှိသည့်အတွက် နေတိုး၏ စုပေါင်းကာကွယ်ရေးကဲ့သို့သော အာမခံချက်များကို အနောက်နိုင်ငံများ ထံမှရရှိရန် ကြာမြင့်စွာ တောင်းဆိုခဲ့ပြီး အမေရိကန်က ယင်းတောင်းဆို ချက်ကို ငြင်းဆိုခဲ့သည်။
ထရမ့်က တနင်္လာနေ့ (ဩဂုတ် ၁၈) တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များကို သဘောတူခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်ရှင်းလင်းချက် မပေးခဲ့ပေ။ ခေါင်းဆောင် နှစ်ဦးသည် ဩဂုတ်လ ၁၅ ရက်နေ့က အလက်စကာတွင် တွေ့ဆုံခဲ့ပြီး နှစ်ဖက်စလုံးက ထိုထိပ်သီးအစည်းအဝေးကို ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆီသို့ အရေးကြီးသော အဆင့်တစ်ခုဟု ဖော်ပြ ခဲ့သည်။
မော်စကိုက ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များအဖြစ် အကြောင်း ပြချက် ဖြင့်ပင် ယူကရိန်းတွင် အနောက်တိုင်းစစ်တပ်များ ဖြန့်ကြက်မှုကို သည်းမခံနိုင်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ယူကရိန်းသည် နေတိုး အဖွဲ့ဝင်ဖြစ်ရန် ရည်မှန်းချက်ကို စွန့်လွှတ်ရမည်ဟု အတိအလင်း ပြောဆို ခဲ့သည်။ ပူတင်က ယူကရိန်းသည် ယာယီစစ်ပြေငြိမ်းရေးကို အသုံးချကာ စစ်သည်အင်အားပြန်လည်စုစည်းပြီး လက်နက်ပြန်လည် တပ်ဆင်နိုင်ကြောင်း သတိပေးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂